News

POST TYPE

LOCAL

စက်သုံးဆီဈေးတက်မှုနှင့် အငှားယာဉ်
20-Aug-2018
“ဆီဈေး တစ်ထောင်ကျော်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း တက္ကစီဆွဲတာ ခဏနားထားရမှာပေါ့”

ဦးဝင်းကို (အငှားယာဉ်မောင်း ) 

ဆီဈေးတက်နေတဲ့အတွက် ကျွန်တော်တို့ဆို လူမပါဘဲ မမောင်းနိုင် တော့ဘူး။ ခရီးသည်တွေ့ ပြန်တော့လည်း ခရီးသည်တွေက ကိုယ်တောင်းတဲ့ ဈေးကိုတိုးမပေးနိုင်တော့ဘူး။ အဲဒီလိုတော့ ကျွန်တော်တို့ဘက်မှာ အခက်အခဲရှိတာပေါ့။ အခုက ဆီဈေးတက်လို့ တိုးတောင်းတာမျိုးတောင် မဟုတ်ဘူး။ အရင်သွား နေကျဈေးကို တောင်းတာတောင် တချို့ခရီးသည်တွေက မပေးချင်တာမျိုးတွေ ရှိတယ်။ ကျွန်တော်ဆို မနက်ရှစ်နာရီကနေ ညခုနစ်နာရီလောက်အထိ မောင်းတယ်။ အဲဒီအချိန်မှာ ဆီတစ်သောင်းဖိုး ထည့်ထားရင် ဆီဖိုးအပါ ကျွန်တော် နှစ်သောင်းခွဲလောက်ပဲ ပြန်ရတယ်။ အရင်တုန်းက ဆီတစ်သောင်းဖိုးထည့်ထားရင် သုံးသောင်းကျော်လောက်ရတယ်။ အဲဒီလိုမျိုးက သြင်္ကန်ပြီးလောက်ကအထိ ရသေးတယ်။ အခုနောက်ပိုင်း ဆီဈေးတက်လာတဲ့အတွက် မရတော့ဘူး။ ဆီဈေးတွေ မြင့်လာတဲ့အတွက် အခေါက်ရေလည်း လျော့လာတယ်။ အဓိကကတော့ ယာဉ်ကြောကျပ်တဲ့အတွက် ကျွန်တော်တို့က ဆီပိုကုန်တယ်။ အရင်က ဆီတစ်သောင်းဆို သုံးသောင်းလောက် ရှာလို့ရနေတာကနေ ယာဉ်ကြောတွေကျပ်တဲ့အတွက် မရတော့ဘူး။ အခုက ဆီဈေးတက်နေတဲ့ အတွက် ကြားရက်တွေဆို ဆီတစ်သောင်းဆို ကီလို ၉၀ ပဲရတယ်။ တနင်္ဂနွေတစ်ရက်တော့ ကားရှင်းတဲ့အတွက် ဆီတစ်သောင်းဆို ကီလို ၁၀၀ လောက်ရတယ်။ တကယ်လို့သာ ဆီဈေးတစ်ထောင်ကျော်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း တက္ကစီ ဆွဲတာ ခဏနားထားရမှာပေါ့။


“ပြည်တွင်းဆီဈေးသာမကျတာ ကမ္ဘာ့ဆီဈေးက ပြန်ကျတာများတယ်”
ဦးမျိုးဇော် (အငှားယာဉ်မောင်း)

ဆီဈေးမြင့်နေတဲ့အတွက် ကားဆွဲရတာ မကိုက်ဘူး။ ကားလည်းပတ်မောင်းပြီး လူရှာလို့ မရဘူး။ ဂိတ်ထိုးပြီး မောင်းရတယ်။ သွားနေကျ ခရီးသည်တွေကို ဖုန်းနံပါတ်တောင်းထားတယ်။ သူတို့ခေါ်ရင် လိုက်ပို့ပေးတယ်။ ဒီအတိုင်းဆိုရင်တော့ ဂိတ်မှာထိုးထားတာများတယ်။ ခရီးသည်ရမှ လိုက်တာများတယ်။ အခုဆီဈေးက အငှားဆို မကိုက်တော့ဘူး။ ကိုယ်ပိုင်ယာဉ်မောင်းမို့လို့သာ မောင်းနိုင်တာ။ အခု တစ်နေ့ သုံးသောင်းလောက်ပဲရတယ်။ အရင်တုန်းကဆို သုံးသောင်းခွဲ၊ လေးသောင်း၊ လေးသောင်းခွဲလောက် အထိဆွဲရတယ်။ ဒါက ဘယ်အချိန်ထွက်ရှာရှာ ရတယ်နော်။ အခုဟာက မရတော့ဘူး။ အခုက ဆီဈေးတက်လာတဲ့အတွက် အခေါက်တိုင်းလည်း မလိုက်နိုင်တော့ဘူး။ ခရီးသည်က ပြောတဲ့ဈေးက ကိုယ့်အတွက် သိပ်မကျန်ရင် အပြန်ကို လူရနိုင်လား ကြည့်ပြီးမှ လိုက်နိုင်တော့တယ်။ အခု ကျွန်တော်တို့ ထည့်နေတာက ၉၆၀ ဝယ်ရတယ်။ ကျွန်တော့်ကားက ဒီဇယ်ကား။ လောလောဆယ် ဈေးမြင့်နေတာ နှစ်ပတ်လောက်ရှိပြီ။ ဒါက အခုလက်ရှိနော် ငါးကျပ်၊ တစ်ဆယ်တက်နေတာက ကြာပြီ။ ပြည်တွင်း ဆီဈေးသာမကျတာ ကမ္ဘာ့ဆီဈေးက ပြန်ကျတာများတယ်။ ဒီမှာက ဆီဆိုင်တွေက ဆီဈေးမချပေးသေးဘူး။ ဆီဆိုင်တွေလည်း ဆီမပြည့်ဘူး။ နောက်ဈေးကျလည်း ပြန်မချပေးဘူး။ အဲဒီလိုမျိုးတွေကို ကြပ်မတ်ပေးစေချင်ပါတယ်။

“အုံနာကြေးပေးပြီး မောင်းနေရတဲ့ ကားသမားတွေဆို မကိုက်တော့ဘူး”
ဦးကျော်သန်းဦး (အငှားယာဉ်မောင်း)

ဆီဈေးက အခုကြည့်မယ်ဆိုရင်တော့ အမြင့်ဆုံးလို့ ဆိုရမှာပေါ့။ ကျွန်တော် တက္ကစီမောင်းတာကျကြာပြီ။ အရင်အစိုးရက ဆီပေးပြီး တန်းစီရတဲ့ ခေတ်ကတည်းကဆိုတော့ အခုဆီဈေးက အခက်အခဲဖြစ်ပေမယ့် အရမ်းကြီး မခံစားရဘူးပေါ့။ လက်ရှိမှာ ဆီဈေးတက်တဲ့အတွက်မကိုက်တာက အုံနာကြေးပေးပြီး မောင်းနေရတဲ့ ကားသမားတွေဆို မကိုက်တော့ဘူး။ အကျပ်အတည်းဖြစ်တယ်။ ဆီဈေးတက်နေတဲ့အတွက် တက္ကစီတွေမှာ အခက်အခဲဖြစ်နေတာတော့ အမှန်ပဲ။ ဒါပေမဲ့ အငှားယာဉ်မှာကိုက ဓာတ်ဆီ၊ ဒီဇယ်၊ ဂက်စ်နဲ့မောင်းတဲ့ကားတွေရောရှိတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ထိခိုက်တာချင်းကတော့ မတူဘူးပေါ့နော်။ ကျွန်တော်တို့ ဆီသမားတွေ မလိုက်နိုင်တဲ့ဈေးကို တခြားကားသမားက လိုက်နိုင်တာမျိုးတွေ ရှိတယ်။ ဆီဈေး ဆက်တိုက်မြင့်တက်နေတဲ့အတွက် ကားသမားတွေကို အနည်းနဲ့အများ ထိခိုက်တယ်ဆိုပေမယ့် ဈေးကွက်ပျက်သွားအောင်အထိတော့ မထိခိုက်သေးပါဘူး။ ဆီဈေးတွေတက်နေတဲ့အတွက် ခရီးသည်ဆီကနေ ပိုက်ဆံတိုးတောင်းရတာတွေ ရှိတယ်ဆိုပေမယ့် ခရီးသည်ဘက်ကလည်း သွားနေကျဈေးထက် ပိုမပေးချင်ကျတော့ ဆီဈေးစတက်တက်ချင်းဆို ကားသမားတွေအတွက်က အဲဒီအခက်အခဲကို အခိုက်အတန့်တော့ ခံစားရတာပေါ့။ နောက်ပိုင်းကျတော့လည်း ခရီးသည်က တိုးပေးလာပါတယ်။ ကိုယ်ကလည်း အကျိုးသင့်အကြောင်းသင့်တော့ ရှင်းပြရတာပေါ့။

ခိုင်ချယ်ရီထွန်း