News

POST TYPE

LOCAL

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သူ သုံးဘာသာဂုဏ်ထူးရှင် ကိုဉာဏ်လင်းမောင်နှင့်တွေ့ဆုံခြင်း
20-Aug-2018

“ဆယ်တန်းလည်းအောင်ရမယ်၊ ဒီအကျဉ်းထောင်ကလည်း လွတ်မြောက်သွားမယ်ဆိုရင် အဆိုးထဲကအကောင်းလို့ ပြောလို့ရတယ်”



အင်းစိန်အကျဉ်းထောင်စာစစ်ဌာနမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း ဆယ်တန်းဖြေဆိုအောင်မြင်ခဲ့သူ အကျဉ်းကျကျောင်းသား ၁၉ ဦးအနက် ဂုဏ်ထူးသုံးဘာသာရရှိကာ ဩဂုတ်လ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သူ အသက် ၂၂ နှစ်ရှိ ကိုဉာဏ်လင်းမောင်ကို သူ၏အကျဉ်းထောင်တွင်း ဂုဏ်ထူးရအောင် စွမ်းဆောင်နိုင်ခဲ့မှုနှင့်ပတ်သက်၍ The Voice သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : အင်းစိန်အကျဉ်းထောင်ကို ဘယ်လိုပြစ်မှုနဲ့ ရောက်ခဲ့တာလဲ။
NLM : ကျွန်တော့်နာမည်က ဉာဏ်လင်းမောင်ပါ။ ကျွန်တော် လုယက်မှုနဲ့ ပြစ်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရတယ်။ ရန်ကုန်ဇာတိပါပဲ။ အသက်က ၂၂ ကျော်နေပြီ။

Voice : အကျဉ်းထောင်ထဲမှာ ဆယ်တန်းဖြေတာ ပထမဆုံးလား။ အပြင်မှာရော ဖြေဖူးလား။
NLM : အပြင်မှာ ကျွန်တော် ဆယ်တန်းကို ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ပထမဆုံး တစ်ကြိမ်ဖြေလိုက်ပါတယ်။ အဲဒီနှစ်မှာ ဖြေပြီးတော့ ကျွန်တော် မဖြေဖြစ်တော့ဘူး။ ၆ နှစ်လောက် စာနဲ့ဝေးကွာသွားပြီးတော့ ၂၀၁၇-၂၀၁၈ ခုနှစ်ကျမှ ဖြေတာပါ။ အင်းစိန်အကျဉ်း ထောင်ထဲမှာဖြေတာ ကျွန်တော် ဆယ်တန်းစာမေးပွဲဖြေတာ ဒုတိယအကြိမ်မြောက်ပေါ့။ ဂုဏ်ထူး သုံးဘာသာထွက်ခဲ့တယ်။

Voice : တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးထွက်ဖို့ ဘယ်လိုကြိုးစားခဲ့ရလဲ။
NLM : ကျွန်တော်ဂုဏ်ထူးထွက်ဖို့အတွက် ကျောင်းစာကို နေ့စဉ်တစိုက်မတ်မတ်လုပ်တယ်။ ဆရာတွေ သင်ပြပေးတာကိုလည်း သေချာနားထောင်ခဲ့ပါတယ်။ ပြီးတော့ ဆရာတွေကလည်း ကျွန်တော်တို့ကို စာမေးပွဲအောင်စေချင်လို့ ဂုဏ်ထူးပါစေချင်လို့ ညွှန်ပြတဲ့လမ်းညွှန်မှုအတိုင်းကို လိုက်နာခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော်ဂုဏ်ထူးထွက်ခဲ့တာပါ။

Voice : ဆယ်တန်းအောင်ပြီး မကြာခင်မှာပဲ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါခဲ့တယ်။ တက္ကသိုလ်တက်မယ်ဆိုလည်း စိတ်ကြိုက်တက္ကသိုလ်ကို ရွေးတက်နိုင်တဲ့ အခြေအနေမျိုး ရောက်လာတော့ စိတ်ထဲ ဘယ်လိုခံစားရလဲ။
NLM : ကျွန်တော် တစ်နှစ်အောက်စရာ မလိုတော့ဘူးပေါ့။ ပုံမှန်ဆိုတော့ ကျွန်တော်လွတ်ရက်နဲ့ဆို မေဂျာကျတဲ့အချိန်နဲ့ ကျောင်းတက်ရမယ့်အချိန်က တစ်နှစ်အောက်ရမှာပါ။ ကျွန်တော်တို့ကို စာနာငဲ့ညှာပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ ပထမတော့ ဖောင်တွေက ဇူလိုင် ၂၀ ရက်နေ့ နောက်ဆုံးတင်ရတယ်။ ကျွန်တော့် အမှတ်ကလည်း မြင့်နေတယ်။ ကျွန်တော် တက်ချင်တာကလည်း Day က လျှောက်ဖို့ ကျွန်တော် မလွတ် ဘူးဆို Day အစား အဝေးသင်လျှောက်ရတော့မယ်လို့ထင်နေတာ။ ဒါပေမဲ့ သက်ဆိုင်ရာလူကြီးတွေကလည်း Day လျှောက်ချင်တယ်။ လျှောက်ခွင့်ပေးတယ်။ အဲဒါနဲ့ ဖောင်တင်ကတည်းက GTC ကို Day လျှောက်ခဲ့တယ်။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ရတော့ အရမ်းဝမ်းသာမိပါတယ်။

Voice : အခုဆို အကျဉ်းထောင်ထဲမှာ ပညာအတူသင်ယူခဲ့တယ်။ လျှော့ရက်တွေရပြီးတော့ မလွှတ်သေးတဲ့ ကျောင်းသားတွေ ကျန်သေးတယ်။ သူတို့နဲ့ ပတ်သက်ပြီးတော့ ပြောချင်တာ ဘာရှိလဲ။
NLM : သူတို့နဲ့ပတ်သက်ပြီးတော့ ပြောချင်တာက ကျွန်တော်တို့ တိုက်ပွဲဝင် ရဲဘော်ရဲဘက်တွေလို့ ပြောလို့ရပါတယ်။ အတူတူကြိုးစားပြီးတော့ အောင်မြင်လာခဲ့ကြတာပါ။ ကျွန်တော်တို့လွတ်ဖို့ ကျန်နေတာ ၁၂ ယောက်ရှိတယ်။ ဂုဏ်ထူးသမား ၅ ယောက်ရှိတယ်။ အဲဒီအထဲမှာမှ ဂုဏ်ထူးပါတဲ့ ကျွန်တော် တစ်ယောက်တည်း ရွေးလွှတ်ခဲ့တယ်ဆိုပေမယ့် သူတို့တွေအတွက်လည်း ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရတာဖြစ်တဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ စိတ်ဓာတ်မကျပါနဲ့ သမ္မတကြီးကလည်း ငဲ့ညှာပေးထားပါတယ်။ ပထမတော့ ဝမ်းနည်းတာပေါ့ဗျာ။ သူငယ်ချင်းတွေအတွက် ကျွန်တော်လွတ်တယ်ဆိုတာတောင် မပျော်နိုင်ဘူး။ ဒါပေမဲ့ အမိန့်စာဖတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့အကုန်လုံးအတွက်ကို သမ္မတကြီးက ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးထားတဲ့အတွက် ကျွန်တော် နည်းနည်း ဝမ်းသာပီတိပြန်ဖြစ်မိပါတယ်။ သူတို့လည်း လွတ်တော့မှာပါ။ ပြစ်ဒဏ်တွေ လျှော့ပေါ့သွားပြီ ဆိုတော့။

Voice : ဂုဏ်ထူးတွေထွက်ရင် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်တယ်ဆိုတာမျိုး စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့စကားမျိုးတွေ ပြောကြားပြီးတော့ သင်ပေးတာလား။
NLM : အဲဒါမျိုးတွေကို အဓိကထားပြီးတော့ သင်ကြားတယ်လို့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ဖက်တစ်လမ်းကနေ ကျောင်းသားတွေ ကြိုးစားချင်စိတ်ဖြစ်အောင်ရယ်၊ အထောက်အကူယူပြီးတော့ ပြောကြားတဲ့အခါမျိုးတွေတော့ ရှိတာပေါ့။ တကယ်တော့ အကယ်၍ လွှတ်ပေးသည်ဖြစ်စေ၊ မလွှတ်ပေးသည်ဖြစ်စေ၊ လွတ်ပေးခဲ့တယ်ဆိုရင်လည်း ကိုယ်ရဲ့တပည့်တွေကို လွတ်မြောက်စေချင်တယ်။ အဲ့ဒီအတွက် ဘာပဲပြောပြော ဆယ်တန်းလည်းအောင်ရမယ်။ ဒီ အကျဉ်းထောင်ကလည်း လွတ်မြောက်သွားမယ်ဆိုရင် အဆိုးထဲကအကောင်းလို့ ပြောလို့ရတယ်။ ဆရာတွေကလည်း လွတ်မြောက်စေချင်တာမျိုးဖြစ်တဲ့အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူယူပြီးတော့ သင်ကြားပေးတာတွေ ရှိပါတယ်။

Voice : သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပါတယ်ဆိုတာ ဘယ်အချိန်လောက်မှာ သိလိုက်ရလဲ။ သိတဲ့အပေါ်မှာကော စိတ်ခံစားမှု ဘယ်လိုဖြစ်သွားလဲ။
NLM : လွတ်ငြိမ်းချမ်းသာခွင့်ပါမယ်ဆိုတာ ကျွန်တော် ပထမတော့ ဂုဏ်ပြုပွဲပြီးပြီးချင်း မျှော်လင့်ကြည့်တာပေါ့။ ကျွန်တော် ဖောင်တွေဘာတွေတင်ဖို့လည်း ရက်ကလွန်သွားပြီ။ အကျဉ်းထောင်ထဲက တင်လိုက်ရတယ်ဆိုတဲ့နောက်ပိုင်းမှာ နည်းနည်းတော့ စိတ်ဓာတ်ကျသွားတာပေါ့။ ဒါပေမဲ့ ကျွန်တော်လွတ်ရက်ကလည်း လာမယ့်နှစ် ၃ လပိုင်းထဲမှာဆိုတော့ ကျွန်တော်လည်း သိပ်ပြီးတော့ စိတ်ထဲမထားတော့ဘဲနဲ့ ဒီအတိုင်းပဲ ပုံမှန်၊ ကျွန်တော့် နောက်တက် ဆယ်တန်းတက်နေတဲ့ ညီကိုကျောင်းသားလေးတွေရှိတယ်။ အဲဒီကျောင်းသားလေးတွေ မသိတာ၊ နားမလည်တာတွေ ပြန်ရှင်းပြတယ်။ Study Guide အနေနဲ့ ပြန်နေတယ်။ အဲ့လိုပြန်နေရင်းနဲ့ မနေ့က မနက်ပိုင်း ၆ နာရီခွဲလောက် အိပ်နေတာကို လာနှိုးတယ်။ ပြီးတော့ ဟိုဘက်ထောင်မကြီးကို သွားရမယ်တဲ့။ လာခေါ်တုန်းက လွတ်မယ်လို့ ပြောပြီး လာခေါ်တာ မဟုတ်ဘူး။ ဟိုရောက်တော့မှ လွတ်မယ့်စာရင်းတွေကြည့်ပြီးမှ သိရတာ။ 

Voice : အနာဂတ်ကျောင်းပညာရေးအကြောင်း ရှင်းပြပါဦး။ ဘယ်တက္ကသိုလ်တွေ ဦးစားပေး လျှောက်ထားလဲ။
NLM : ကျွန်တော် ဆယ်တန်းကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဂုဏ်ထူးသုံးဘာသာနဲ့ အမှတ် ပေါင်း ၄၅၈ မှတ်နဲ့ ဖြေဆိုအောင်မြင်ခဲ့တယ်။ ကျွန်တော် အခုလျှောက်ထားတာတော့ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ဦးစားပေး လျှောက်ထားတယ်။ ဒုတိယအဆင့် ဦးစားပေးလျှောက်တာက နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ) ပြီးတော့မှ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဆိုပြီးတော့ တက္ကသိုလ်လေးခု လျှောက်ထားပါတယ်။ လက်ရှိမှာတော့ မေဂျာတွေ မကျသေးခင်မှာတော့ ကွန်ပျူတာသင်တန်းတက်ဖို့ လုပ်နေပါတယ်။ မနက်ဖြန် (ဩဂုတ်လ ၂၀ရက်နေ့) ဆို ကွန်ပျူတာသင်တန်း တက်ဖြစ်ပါပြီ။ လောလောဆယ်တော့ ဒီသင်တန်းလေး တက်နေပါတယ်။

Voice : အကျဉ်းထောင်ထဲက ပညာတတ်လူငယ်တစ်ယောက် ထွက်လာတယ်။ အပြင်ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်မယ်ဆိုပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဘယ်လိုပြင်ဆင်ထားလဲ။ အရင်တုန်းကလို အသားကျနိုင်မယ် ယုံကြည်ရဲ့လား။
NLM : ပတ်ဝန်းကျင်နဲ့ အသားကျနိုင်ဖို့ဆိုတာက ပတ်ဝန်းကျင်ကတော့ ကျွန်တော့်ကို ခါးခါးသီးသီးကြီး ဖြစ်နေတာမျိုး မရှိဘူးပေါ့။ ကျွန်တော် ထောင်ကျသွားတယ် ဟုတ်တယ်၊ မှန်တယ်။ ဒါပေမဲ့ ကျွန်တော် ဂုဏ်ထူးပါတယ်။ စာမေးပွဲအောင်ပြီး ပြန်လာတာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကလည်း ကြိုဆိုတယ်။ အဲဒီအတွက် ဝမ်းလည်း ဝမ်းသာတယ်။ဘာပဲပြောပြော ပီတိဖြစ်ရတယ်ပေါ့နော်။ ကိုယ့်ကို ပတ်ဝန်းကျင်က ပြန်ကြိုဆိုတာ ဖြစ်တဲ့အတွက် ကိုယ့်ကြိုးစားမှုအတွက် ပြန်ရတဲ့ ရလဒ်အနေနဲ့လည်း ကျေနပ်မိပါတယ်။

Voice : ထူးထူးချွန်ချွန်အောင်ရင် လွတ်မြောက်မယ်လို့ ဘယ်အချိန်ကတည်းက မျှော်လင့်ခဲ့တာလဲ။
NLM : ဆယ်တန်းအောင်လို့ လွတ်ရမယ်ဆိုတာထက် ဒီထက် အဆင့်မြင့်တဲ့ပညာတွေကို အပြင်မှာ သင်ကြားချင်တဲ့စိတ်ရှိပါတယ်။ ဆယ်တန်းအောင်သွားပြီ ကျွန်တော်တို့မှာ ပြစ်ဒဏ်တွေက ကျန်နေသေးတယ်ဆိုရင် ကျွန်တော်တို့မှာ နည်းနည်းလေး တန့်နေတယ်ပေါ့။ အဲ့အတွက်ကို ငဲ့ညှာပြီးတော့ အခွင့်အရေးပေးစေချင်တဲ့အနေနဲ့ လွှတ်ပေးဖို့ကို မျှော်လင့်တဲ့ဆန္ဒရှိခဲ့ပါတယ်။

Voice : အကျဉ်းထောင်ကျောင်းရဲ့ ပညာသင်ကြားမှုပုံစံကကော အပြင်ကျောင်းတွေနဲ့ သင်ကြားမှုစနစ် ဘာတွေကွာခြားလဲ။
NLM : နည်းနည်းတော့ ကွာခြားမယ်ထင်တယ်။ ကျောင်းတက်ချိန်က မနက် ၈ နာရီက ညနေ ၄ နာရီ အထိပါ။ ကျောင်းမတက်ခင် မနက်ပိုင်း လက်တွေ့သင်ခန်းစာအနေနဲ့ စာမေးပွဲတွေ နေ့တိုင်းဖြေရတယ်။ ဆရာတွေက ကျောင်းသားတွေရဲ့ အရည်အချင်းတိုးတက်မှုကိုစစ်ဖို့ မနက်တိုင်း ပုံမှန်စာမေးပွဲစစ်ပေးတယ်။ ကျောင်းသားတွေကို အလုပ်ခိုင်းတာမျိုးတော့မရှိပါဘူး။ စာကိုပဲ တစိုက်မတ်မတ် လုပ်ခိုင်းတယ်။ ကျန်တာ ဘာမှတော့ မခိုင်းပါဘူး။ အထဲမှာ သက်ဆိုင်ရာ ဌာနအသီးသီးက ကူညီတယ်။ ပညာရေးဝန်ကြီးဌာနက အစ။ အဆုံးပေါ့။ ပြီးရင် အကျဉ်းသားဆရာတွေရှိတယ်။ အပြင် အင်းစိန် အထက ၁/၂/၃/၄/၅ က ဆရာ/ဆရာမတွေ လာဝင်သင်ပေးတယ်။ အင်းစိန်မြို့နယ် ဒုတိယပညာရေးမှူး၊ အလက ၅ ကျောင်းအုပ်ကြီး၊ အလက ၁၃ ကျောင်းအုပ်ကြီးတို့လည်း စာဝင်သင်ပေးမယ်။ ကျွန်တော်တို့က ကျောင်းပုံစံပါပဲ။ အလက ၁၃ အင်းစိန် ကျောင်းခွဲဆိုပြီးတော့ အကျဉ်းထောင်ထဲမှာ ဖွင့်ထားတာပါ။ ကျောင်းက နှစ်ထပ်ဆောင်ကိုမှ ၅ တန်းကနေ ၁၀ တန်းအထိရှိတယ်။ ကျောင်းသားဆောင်ဆိုပြီးတော့ သီးသန့် နှစ်ခန်းခွဲပေးထားတယ်။

အောင်ဇော်ထူး