News

POST TYPE

LOCAL

အကြမ်းဖက်ဖြစ်စဉ်တွင် အသတ်ခံရသော ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်အတွက် ဆုတောင်းပွဲပြုလုပ်
16-Aug-2018
စစ်တွေ၊ ဩဂုတ် ၁၅
 
၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်တွင် အသတ်ခံရသော ဟိန္ဒူဘာသာဝင် ၁၁၃ ဦးအတွက် တစ်နှစ်ပြည့် ဆုတောင်းပွဲကို မောင်တောမြို့နယ် မြို့မကညင်တန်း ရပ်ကွက်ရှိ ဟိန္ဒူကယ်ဆယ်ရေးစခန်းတွင် ဩဂုတ်လ ၁၅ ရက်က ပြုလုပ်ခဲ့သည်။ 

“ကျွန်တော်တို့ ထုံးတမ်းစဉ်အလာအရ တစ်ပတ်စောပြီးတော့ အသတ်ခံရတဲ့သူတွေ ကောင်းတဲ့ဘုံဘဝကိုရောက်ဖို့ ရေစက်ချပေးတာပါ” ဟု မြို့မကညင်တန်း ရပ်ကွက်ရှိ ဟိန္ဒူကယ်ဆယ်ရေးစခန်း ဦးနီမောလ်က ပြောသည်။

အဆိုပါဆုတောင်းပွဲသို့ ဟိန္ဒူဘုန်းတော်ကြီး ၇ ပါးနှင့် သေဆုံးခဲ့သူမိသားစု အပါအဝင် လူ ၁၀၀၀ ခန့် တက်ရောက် ဆုတောင်းခဲ့ကြသည်။ 

၂၀၁၇ခုနှစ် ဩဂုတ်လ ၂၅ ရက်က ARSA အကြမ်းဖက်သမားများ မောင်တောမြို့နယ် ရဲဘော်ကျ၊ ခမောက်ဆိပ်တောင်ရွာတွင်နေထိုင်သော ဟိန္ဒူဘာသာဝင်များကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သဖြင့် ဟိန္ဒူဘာသာဝင် ၁၁၃ ဦး သေဆုံးခဲ့သည်။ 

လက်ရှိတွင် မောင်တောမြို့၌ ဟိန္ဒူဘာသာဝင် ၁၂၀၀ ကျော်နေထိုင်ပြီး အချို့မှာ စစ်တွေမြို့သို့ ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။

R-22