News

POST TYPE

LOCAL

ကျွန်းစုတွင် ပိုင်ရှင်မဲ့ မီးသွေးဖို ၄၀ နီးပါး ဖျက်ဆီး
မြိတ်၊ ဩဂုတ် ၁၂

မြိတ်ခရိုင် ကျွန်းစုမြို့နယ် တောပြားကျေးရွာအုပ်စု တုံးဗြဲကျေးရွာအနီးတစ်ဝိုက်ရှိ ပိုင်ရှင်မဲ့ မီးသွေးဖောင်း (မီးသွေးဖို) ၄၀ နီးပါးအား ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖျက်ဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနနှင့် တောပြားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးတို့ထံမှသိရသည်။

မီးသွေးဖောင်းများကို ဇူလိုင်လ ၃၀ ရက်က ၄ ခု၊ ဩဂုတ်လ ၄ ရက်တွင် ၁၅ ခုနှင့် ဩဂုတ် ၅ ရက်တွင် ၂၂ ခု စုစုပေါင်း ၃၇ ခုအား ဖျက်ဆီးခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

“မလုပ်ဘဲနဲ့ထားထားတဲ့ ပိုင်ရှင်မဲ့ မီးသွေးဖောင်းတွေပါ”ဟု တောပြားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးက ပြောသည်။

မီးသွေးဖောင်းလုပ်ငန်းသည် မြစ်ချောင်းအတွင်းရှိ ဒီရေတောများတွင် ပေါက်ရောက်နေသည့်အပင်များအား ခုတ်ယူပြီး တောင်နံရံကပ်တို့တွင် (၅ တောင်၊ ၆ တောင်၊ ၉ တောင်၊ ၁၀ ထောင် စသဖြင့်) မီးသွေးဖောင်းများ အမျိုးမျိုးပြုလုပ်ကြပြီး အချိန်အားဖြင့် ရက်သတ္တပတ်နှစ်ပတ်၊ တစ်လ၊ တစ်လခွဲခန့် မီးဖြင့်အပူပေးပြီး မီးသွေးအဖြစ် ရရှိအောင်ပြုလုပ်လေ့ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ကျွန်းစုကျေးရွာနေသူအချို့ထံမှ သိရသည်။

ကျွန်းစုတစ်မြို့နယ်လုံးတွင် တရားဝင်လိုင်စင်ဖြင့် ချပေးထားသည့် မီးသွေး ဖောင်းအလုံးရေ ဆယ်ဂဏန်းဝန်းကျင်သာရှိကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းထံမှ သိရသည်။

သစ်တောဌာနခွင့်ပြုချက်ဖြင့် တရားဝင်လုပ်ကိုင်နေသည့် မီးသွေးဖောင်းထက် ဒေသတွင်း တရားမဝင်လုပ်ကိုင်နေကြသည့် မီးသွေးဖောင်းလုံးရေမှာ အဆပေါင်းများစွာ ပိုများကြောင်း ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စုနေ အသက် ၃၅ နှစ်ရှိအမျိုးသားတစ်ဦးက ပြောပြသည်။

“တရားဝင်လုပ်နေတာက ငါးလုံးလောက်ပဲ။ တကယ်မြေပြင်မှာလုပ်နေတာက အလုံးရေတစ်ရာလောက် ရှိနေတာ”ဟု ၎င်းက ဆိုသည်။

ဒီရေတောထင်းများကို အဓိကသုံးစွဲ လုပ်ကိုင်နေကြသည့် မီးသွေးဖောင်းလုပ်ငန်းကြောင့် ဒီရေတောများ ပြုန်းတီးမှုများရှိနေကြောင်း အရပ်ဘက်အဖွဲ့အစည်း အချို့က ထောက်ပြမှုများရှိနေခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် မီးသွေးဖောင်းလုပ်ငန်းကို လုပ်ကိုင်လေ့ရှိကြပြီး မီးသွေးများကို မြိတ်၊ ရန်ကုန်ဈေးကွက်နှင့် ရေလမ်းဖြင့် ထိုင်းနိုင်ငံဈေးကွက်တို့ကို တင်ပို့ရောင်းချလေ့ရှိကြကြောင်း ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့ ဒေသခံများထံမှသိရသည်။

Dawei Watch