News

POST TYPE

LOCAL

ထီးခီးလမ်း အဆင့်မြှင့်တင်မည့်လုပ်ငန်းစချိန် ခန့်မှန်းသည်ထက် နောက်ကျမည်


ထားဝယ်၊ သြဂုတ် ၈

ထီးခီးလမ်း အဆင့်မြှင့်မည့်လုပ်ငန်းစတင်ရန် ခန့်မှန်းထားသည့်အချိန်ထက် အနည်းငယ်နောက်ကျနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

ထီးခီးလမ်း အဆင့်မြှင့်ရန်အတွက် ထိုင်းနိုင်ငံမှ ချေးငွေရယူမည်ဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံဖက်က အကြောင်းပြန်ကြားလာခြင်း မရှိသေးသဖြင့် လုပ်ငန်းစတင်ရန် ခန့်မှန်းထားသည့်အချိန်ထက် နောက်ကျနိုင်ကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

ထီခီးလမ်းကို အဆင့်မြှင့်မည့်လုပ်ငန်းကို မကြာမီလများအတွင်း စတင်မည်ဟု ဦးဖြိုးဝင်းထွန်းက ပြီးခဲ့သည့်မတ်လတွင် ပြောဆိုခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထီးခီးလမ်းကို အဆင့်မြှင့်ရန် ထိုင်းနိုင်ငံမှ ဘတ်ငွေ ၄ ဒဿမ ၅ ဘီလီယံကို ချေးယူမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့က အတည်ပြုဆုံးဖြတ်ကာ ချေးငွေရယူမည့်အကြောင်း ယခုနှစ်အတွင်းက ထိုင်းနိုင်ငံကို အကြောင်းကြားထားသည်။

ချေးငွေယူမည်ဟု ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၂၆ ရက်က အတည်ပြုဆုံးဖြတ်ခဲ့သည်။

မြန်မာဘက်က ချေးငွေလက်ခံမည်ဟု အကြောင်းပြန်ပြီး ၆ လ မှ ၈ လအတွင်း ထိုင်းနိုင်ငံဘက်က အကြောင်းပြန်ရမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံဘက်က အကြောင်းပြန်လာခြင်း မရှိသေးကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်းက ဆိုသည်။

“အဓိက ကတော့ ထိုင်းရဲ့ အကြောင်းပြန်မှုအပေါ် မူတည်ပါတယ်၊ ကျွန်တော်တို့ကတော့ အမြန်ဆုံးဖြစ်စေချင်ပါတယ်၊ ၂ဝ၁၉ အစောပိုင်းလောက် (လုပ်ငန်းစတင်နိုင်) ဖြစ်မယ်လို့ ခန့်မှန်းပါတယ်”ဟု ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။

လက်ရှိတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် အဆိုပါလမ်းပိုင်းက ဆိုးရွားစွာ ပျက်စီးနေသည်။

အဆိုပါလမ်းပိုင်းရှိ နေရာတစ်ချို့တွင် ဆိုးရွားစွာ ပျက်စီးနေပြီး သွားလာနေသည့် ကားများအတွက် အန္တရာယ်ရှိကြောင်း ထီးခီးနယ်စပ်သို့ ကားဖြင့် အမြဲတမ်းသွားလာနေသူတစ်ဦးဖြစ်သည့် ဦးပြည့်ဖြိုးဇော်က ဆိုသည်။

“ဈေးကားတွေဆို ပစ္စည်းအပြည့်နဲ့ဆို အန္တရာယ်ရှိတယ်”ဟု ဦးပြည့်ဖြိုးဇော်က ပြောသည်။

ပျက်စီးနေသည့်လမ်းပိုင်းနေရာအချို့ကို လမ်းဦးစီးဌာနနှင့် လက်ရှိလမ်းကို တာဝန်ယူဖောက်လုပ်ထားသည့် အီတာလျှံ-ထိုင်းကုမ္ပဏီတို့က ပြုပြင်လျက်ရှိကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်းက ဆိုသည်။

ထီးခီးလမ်းကို  မြဝတီ-ကော့ကရိတ် လမ်းကဲ့သို့ အဆင့်မြှင့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လမ်းအဆင့်မြှင့်ရန်အတွက် ချေးငွေကို နှစ် ၃ဝ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ပထမ ၁ဝ နှစ်တွင် အတိုးမဲ့ဖြစ်ကာ ကျန်သည့် နှစ် ၂ဝ တွင် ဝ.၁ ရာခိုင်နှုန်း အတိုးဖြင့် ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါလမ်း အဆင့်မြှင့်ခြင်းလုပ်ငန်းကို လပေါင်း ၃ဝ အပြီး လုပ်ဆောင်မည်ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၅ ရွာကို ဖြတ်သန်းရမည်ဖြစ်သည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ်ကို မြေသားလမ်းဖောက်လုပ်ထားပြီး ပြန်လည်အဆင့်မြှင့်တင်ချိန်တွင် လက်ရှိလမ်းအူကြောင်း၏ ၈၅ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုမည်ဖြစ်သည်။


Dawei Watch