News

POST TYPE

LOCAL

ချင်းတွင်းမြစ်အတွင်း တွန်းသင်္ဘောတစ်စင်း တိမ်းမှောက်
09-Aug-2018
ကလေး၊ ဩဂုတ် ၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ပလူဇဝကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ကျောက်မီးသွေးများကို တင်ဆောင်သည့် တွဲရေယာဉ်များကို တွန်းပေးရသည့် တွန်းသင်္ဘောတစ်စင်း တိမ်းမှောက်မှု ဩဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းထံမှ သိရသည်။

ယင်းနေ့က ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် လှနန်းထိန်ဝါအမည်ရှိ တွန်းသင်္ဘောကို လုံးပတ်နှစ်ပေခန့်ရှိ သစ်ပင်တွင် ကြိုးချည်ရပ်နားထားစဉ် သစ်ပင်သည် အမြစ်မှ ပြိုလဲအိကျသဖြင့် တွန်းသင်္ဘောအား လဲကျလာသည့် သစ်ပင်နှင့်လွတ်ကင်းစေရန် မောင်းရွှေ့ရာမှ သင်္ဘောကို ရေထဲမျောမပါစေရန် ကမ်းတွင်ချည်ထားသည့် ရှေ့ထိန်းကြိုးနှင့် နောက်ထိန်းကြိုးများပြတ်ကာ ပန်ကာတွင် ချိတ်မိပြီး တွန်းသင်္ဘောနှင့် တွဲလျက်ရှိနေသော အလျား ၂၀၀ ပေ အနံ ၅၀ ပေရှိ ကျောက်မီးသွေးတန်ချိန် ၁၆၆၈ တန် တင်ဆောင်ထားသော တွဲရေယာဉ်နှင့် တိုက်မိပြီး တွန်းသင်္ဘောမှာ ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အဆိုပါသင်္ဘော တိမ်းမှောက်မှုကြောင့် သင်္ဘောပေါ်တွင် ရှိနေသည့် ဦးမြင့်ဆွေ ၄၅ နှစ်အပါအဝင် လေးဦးမှာ ချင်းတွင်းမြစ်အတွင်းသို့ ခုန်ချထွက်ပြေးနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ခြင်းမရှိခဲ့ကြောင်း၊ တိမ်းမှောက်ခဲ့သည့် တွန်းသင်္ဘောကို တိမ်းမှောက်ခဲ့သည့် နေရာမှ မြစ်အောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ဆယ်ယူရရှိခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းထံမှ သိရသည်။ 

R-20


  • VIA