News

POST TYPE

LOCAL

နှလုံးဖောက်ပြန်သွားသူများ အမျိုးသမီးဆရာဝန်၏ ကုသစောင့်ရှောက်မှုရရှိပါက အသက်ရှင်ရန် အခွင့်အလမ်းပိုများ
09-Aug-2018

လန်ဒန်၊ ဩဂုတ် ၈

နှလုံးသွေးကြောပိတ်မှုကြောင့်ဖြစ်သော နှလုံးဖောက်ပြန်မှုဝေဒနာ (Heart Attack) ဝေဒနာခံစားရသော အမျိုးသမီးလူနာများသည် ဆေးရုံများတွင် အမျိုးသမီးဆရာဝန်များ၏ ကုသမှုခံယူမည်ဆိုပါက အသက်ရှင်ရန် ရာခိုင်နှုန်းပိုများသည်ဟု သုတေသနတစ်ရပ်ကဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုတွင် နှလုံးဖောက်ပြန်မှုဝေဒနာဖြစ်ပေါ်ခဲ့သူ ၅၈၀၀၀၀ ကို ၁၉ နှစ်ကြာ လေ့လာသုတေသနပြုခဲ့ရာ Heart Attack ကြောင့်သေဆုံးခဲ့သူ ၁၃ ရာခိုင်နှုန်းမှာ အမျိုးသားဆရာဝန်၏ ကြီးကြပ်ကုသမှုကို ရရှိခဲ့ပြီး ၁၂ ရာခိုင်နှုန်းမှာအမျိုး သမီးဆရာဝန်၏ ကုသမှုကို ခံယူခဲ့ခြင်းဖြစ်သည်။ 

အကယ်၍ အမျိုးသမီးလုပ်ဖော်ကိုင်ဖက် အမြောက်အမြားရှိသောအမျိုးသား ဆရာဝန်၏ ကုသမှုခံယူနိုင်မည်ဆိုပါက အသက်ရှင်နိုင်မည့်အခွင့်အရေး ပိုမိုများပြားလာသည်ကို သုတေသနက တွေ့ရှိခဲ့သည်။ 

ယင်းလေ့လာမှုတွင် ထပ်မံတွေ့ရှိခဲ့သော စိတ်ဝင်စားစရာအကောက်အယူ တစ်ရပ်မှာ အမျိုးသားဆရာဝန်များသည် အမျိုးသမီးများကိုကုသရာတွင် ဆိုးရွားညံ့ဖျင်းဖွယ်ရှိသည်ဟူသော အချက်ပင်ဖြစ်သည်ဟု သုတေသီများက ဆိုသည်။ 

သုတေသီများက ၁၉၉၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အကြား ဖလော်ရီဒါပြည်နယ် ဆေးရုံများမှ လူနာများ၏ အချက်အလက်များကို လေ့လာဆန်းစစ်ခဲ့ကြသည်။ 

လိုအပ်သည့် လေ့လာဆန်းစစ်မှုများ အားလုံးပြုလုပ်ခဲ့ပြီးနောက် သုတေသီများ တွေ့ရှိခဲ့သည့်အချက်မှာ နှလုံးဖောက်ပြန်သည့် လူနာများအားလုံးအနေနှင့် အမျိုးသမီးဆရာဝန်၏ စောင့်ရှောက်ကုသပေးမှုကို ခံရမည်ဆိုပါက အသက်ရှင်နိုင်သည့် အခွင့်အရေးပိုမိုရရှိမည်ဟူ၍ပင်ဖြစ်သည်။ 

“ကျွန်တော်တို့သုတေသနရဲ့ အရေးတကြီးတွေ့ရှိချက်ကတော့ အမျိုးသမီးဆရာဝန်တွေဟာ လူနာတွေအတွက် ရလဒ်ကောင်းတွေ ရရှိလာအောင် စွမ်းဆောင်တဲ့နေရာမှာ အမျိုးသားဆရာဝန်တွေထက် ပိုသာတယ်ဆိုတာပါပဲ”ဟု ယင်းသုတေသနကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဝါရှင်တန်တက္ကသိုလ်မှ သိပ္ပံပညာရှင် ဒေါက်တာဆစ်ကာနာဟန်က ပြောကြားသည်။ 

“ပိုပြီးလေးနက်တဲ့အချက်ကတော့ အမျိုးသမီးလူနာအတွက် အမျိုးသမီးဆရာဝန်က အကောင်းဆုံးဖြစ်တယ်ဆိုတာပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

F-01