POST TYPE

LOCAL

မုံရွာမြို့ ရေဘေးအတွက် ပြင်ဆင်
08-Aug-2018


မုံရွာ၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးကောင်းသဖြင့် ချင်းတွင်းမြစ်ရေတက်လာရာ မုံရွာမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက ကျော်လွန်ရောက်ရှိခဲ့သည့်အတွက် ရေဘေးကာကွယ်ရေးလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောကြားသည်။

“စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာ နီးလာတဲ့အချိန် ၉၅၀ အလိုကတည်းက သဲအိတ်တွေနဲ့ ဝါးခြမ်းကပ်တွေ အဆင်သင့် ပြင်ထားတယ်”ဟု ၎င်းကဆိုသည်။

မုံရွာမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၀၀၀ စင်တီမီတာဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တိုင်းထွာချက်များအရ ၁၀၀၂ စင်တီမီတာသို့ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် ရေအနည်းငယ် ပြန်ကျနေရာ ဩဂုတ်လ ၈ ရက်နေ့ ညနေ ၄ နာရီတိုင်းထွာချက်များအရ စိုးရိမ်ရေမှတ်အောက် ၉၉၉ စင်တီမီတာသို့ရောက်ရှိခဲ့ကြောင်း ဗဟိုရေကင်းစခန်းထံမှ သိရသည်။

ဩဂုတ်လ ၈ ရက်နေ့ နံနက် ၆ နာရီ တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁၀၀၅ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီးနောက် မွန်းလွဲနှင့် ညနေပိုင်းတွင် မြစ်ရေ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထိသို့ မြင့်တက်ခဲ့သည့်အတွက် နှစ်စဉ် ရေဝင်နစ်မြုပ်လေ့ရှိသည့် မြစ်ကမ်းနှင့်နီးသည့် အလုံစစ်ပင်ရပ်ကွက်နှင့် မုံရွာ တောင်ကျွန်းရွာတို့တွင် ရေဘေးကာကွယ်ရေးအတွက် လိုအပ်သည့်သဲကို သဲလုပ်ငန်းရှင်များက ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် မုံရွာမြို့တာရိုးတစ်လျှောက်တွင် ရေကင်း၂၄ ကင်းဖွင့်လှစ်ထားပြီး အလှည့်ကျကင်းစောင့်ကာ စောင့်ကြည့်လျက်ရှိပြီး မြစ်ရေပြန်လည် မကျမချင်း ရေကင်းများ ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေစိုးရိမ် ရေမှတ်အထက်ကျော်လွန်ရောက်ရှိခဲ့သည့်အတွက် မုံရွာမြို့မှ မြို့အသီးသီးသို့ ထွက်ခွာပြေးဆွဲသည့် ရေယာဉ်များကိုလည်း ဩဂုတ်လ ၆ ရက်နေ့မှစ၍ ပြေးဆွဲမှု ယာယီရပ်နားထားခဲ့သည်။

ယခင်နှစ်က ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရှိနေ၍ အနောက်ဘက်ကမ်းမြစ်ကူးသည့် ကူးတို့ဆိပ်လုပ်ငန်းအချို့လည်း ရပ်နားခဲ့ရကြောင်း ထန်းတော ကူးတို့လုပ်ငန်းတာဝန်ခံ ဦးတင်အောင်ထွန်းက ပြောကြားသည်။

R-08