News

POST TYPE

LOCAL

ကရင်ရှိ ပျက်စီးလယ်ဧကနှင့် ထောက်ပံ့ပေးနိုင်မည့် မျိုးစပါးအရေအတွက် မလောက်
08-Aug-2018
ဘားအံ၊ ဩဂုတ် ၇

ကရင်ပြည်နယ်အတွင်း မြို့နယ် ၆ ခု၌ ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီးသွားသည့် လယ်ဧကနှင့် လက်ရှိထောက်ပံ့ရန် ရှိနေသည့် မျိုးစပါးအရေအတွက်မှာ လုံလောက်ခြင်းမရှိကြောင်း ယင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိပြည်နယ်အစိုးရတွင် အရန် မျိုးစပါး တင်း ၃၀၀၀ ထောင်ရှိပြီး မျိုးစေ့ စိုက်ပျိုးထုတ်လုပ်သူများအသင်းတွင် တင်း ၁၅၀၀ ကျော်ရှိသော်လည်း လက်ရှိကရင် ပြည်နယ်အတွင်း ပျက်စီးလယ်ဧကမှာ အနိမ့်ဆုံးဧက ငါးထောင်မှတစ်သောင်းခန့်ရှိကြောင်း အဆိုပါဌာနထံမှသိရသည်။

ရက်ရှည် ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီးသွားသော စိုက်ခင်းများကို ရေကျသည်နှင့်တစ်ပြိုင်နက် ရက်တိုအတွင်း ပြန်လည်စိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး မျိုးစေ့မလုံလောက်ပါက ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်းသင့်လျှင် တင်သွင်းပြီး မျိုးစပါးများ ပြည့်မီအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

“ပျက်စီးတဲ့ဧကနဲ့ဆိုရင် လုံလောက်မှုက နည်းတာပေါ့။ ကရင်ပြည်နယ်အတွင်း ပျက်စီးတဲ့လယ်မြေဧကက ငါးထောင်ဝန်းကျင်ရှိတယ်။ ရွာကြိုရွာကြား စေ့စေ့စပ်စပ် စာရင်းကောက်မယ်ဆိုရင် ဧကတစ်သောင်းလောက် ဖြစ်နိုင်ဖို့ရှိတယ်။ အဲဒီမှာ တစ်ဧကကို တစ်တင်းနှုန်းသုံးမယ်ဆိုရင် လိုအပ်ချက်ကမျိုးစေ့ တင်းတစ်သောင်းကျော် လိုတယ်။ ရှိတာက မျိုးစေ့တင်း ငါးထောင်ဝန်းကျင်ဆိုတော့ လိုအပ်တဲ့မျိုးစေ့ကို ပြည်ထောင်စုအစိုးရဆီကို အကူအညီတောင်းပြီး ဆောင်ရွက်သွားမယ်”ဟု ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောဆိုသည်။

လတ်တလော ကရင်ပြည်နယ်အတွင်းရှိ လယ်ဧကများတွင် မြစ်ရေကျခြင်းမှာ ပြန်လည်စိုက်ပျိုးနိုင်လောက်သည့် အဆင့်တွင် မရှိသေးဘဲ လုံးဝစိတ်ချရသည့် အခြေအနေရောက်ပါက မျိုးစပါးများကို စတင်ဖြန့်ဝေသွားမည်ဖြစ်ပြီး လက်ရှိအခြေအနေအရ ရေကြီးနစ်မြုပ်ချိန်တိုပြီး ပျက်စီးခြင်းမရှိဘဲ ပြန်လည်ကုစားနိုင်သောလယ် မြေများအတွက် ကွင်းဆင်းပြီး ပိုတက်ဆီယမ်ဖျန်းပက်ခြင်း၊ ဂျပ်ဆင်ကျောက်မှုန့် ဖြူးပြီး အပင်များပြန်လည်သန်မာလာ အောင်လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အသင်းအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ကူညီနိုင်အောင်လို့ ကုန်းမြင့်တဲ့မြေတွေမှာ စပါးတွေကို စတင်ပျိုးထောင်နေပါတယ်။ လုံးဝစိတ်ချရတဲ့အထိ ရေကျချိန်မှာ ပျိုးပင်တွေကို ကူညီနိုင်မှာဖြစ်လို့ တောင်သူတွေ စပါးပျိုးစရာမလိုဘဲ အဆင်သင့်စိုက်ပျိုးနိုင်မယ်လေ”ဟု ကရင်ပြည်နယ် မျိုးစေ့စိုက်ပျိုးထုတ်လုပ်ရေး အသင်းဥက္ကဋ္ဌ ဦးစိုးသိမ်းက ပြောကြားသည်။

ယင်းသို့ စပါးများပျိုးထောင်ရာတွင် အဓိကအားဖြင့် သက်တမ်းတို ထွက်နှုန်းတိုသည့် စပါးမျိုးများကို ဦးစားပေပျိုးထောင်မည်ဖြစ်ပြီး မြေအနေအထားအရ လုံလောက်စွာ ပျိုးထောင်နိုင် ဖြန့်ဝေနိုင်ခြင်း မရှိပါက မျိုးစေ့များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

R-17


  • VIA