News

POST TYPE

LOCAL

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ လွတ်မြောက်ရေး ဆုတောင်းပွဲလုပ်
06-Aug-2018


စစ်တွေ၊ ဩဂုတ် ၅ 

နိုင်ငံတော်ပုန်ကန်မှုပုဒ်မဖြင့် တရားစွဲခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အမြန်ဆုံး လွတ်မြောက်စေရေးအတွက် ဩဂုတ်လ ၅ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာစေတီတော်တွင် ပြုလုပ်ခဲ့သည်။ 

၎င်းတို့နှစ်ဦး ဖမ်းဆီးတရားစွဲဆိုခံရမှုသည် ၆ လကျော်ကြာမြင့်ပြီး ရုံးချိန်း ၂၀ ခန့်ရှိပြီဖြစ်သော်လည်း အမိန့်မချနိုင်သေးကြောင်း၊ ရခိုင်ပြည်သူများ၏ ခံစားချက်ကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သိနိုင်စေရန် ဆုတောင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူ ဒေါ်ကျော့စိန်က ဆိုသည်။

“ငြိမ်းချမ်းရေး၊ ဒီမိုကရေစီကို လျှောက်လှမ်းနေတဲ့အစိုးရ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်နေတဲ့အပေါ်မှာ ဒီလိုဖမ်းဆီးထားတာဟာ အစိုးရတစ်ရပ်အနေနဲ့ ခလုတ်ကန်သင်းတစ်ခုလိုမြင်ပြီးတော့ ဒါမတရားဘူးလို့ မြင်တယ်”ဟု ဒေါ်ကျော့စိန်က ဆိုသည်။

ပြည်သူတင်မြှောက်ထားသော အစိုးရတစ်ရပ်အနေနှင့် ပြည်သူတင်မြှောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ အမြန်ဆုံးလွတ်မြောက်စေရန်အလို့ငှာ ဥပဒေအထက်မှ မည်သူမှ မရှိစေရဆိုသော ဆောင်ပုဒ်နှင့်အညီ မှန်ကန်သော နည်းလမ်းဖြင့် ဆုံးဖြတ်စေလိုကြောင်း ဆုတောင်းလာကြသူများက ဆိုကြသည်။

“အရည်အချင်းရှိတဲ့လူတွေ အထဲမှာ ရှိနေတယ်။ နိုင်ငံတော်အတွက် အသုံးဝင်မဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ သူတို့ (ဒေါက်တာ အေးမောင်) က လူငယ်တွေကို ဦးဆောင်လမ်းပြနိုင်မယ့်ပုဂ္ဂိုလ်ဖြစ်တယ်”ဟု ဦးလယ်သိန်းအောင်က ပြောသည်။

အဆိုပါ ဆုတောင်းပွဲကို ဒေသခံ ၂၀၀ ခန့် တက်ရောက်ကာ ဆီးမီးထွန်းညှိခြင်း၊ ပန်းများ ပူဇော်ဆက်ကပ်ခဲ့ပြီး ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အမြန်ဆုံးလွှတ်ပေးရန် ကြွေးကြော်တောင်းဆိုခဲ့သည်။

လက်ရှိတွင် ၎င်းတို့၏အမှု၌ တရားလိုသက်သေများ အားလုံးကို စစ်ဆေးပြီးစီးကာ ဩဂုတ်လ ၆ ရက် ရုံးချိန်းတွင် သက်သေအဖြစ် တင်ပြထားသည့် စာပေဟောပြောခဲ့သော အသံဖိုင်ဖွင့်၍ ဘာသာပြန် စစ်ဆေးမည်ဖြစ်သည်။

၎င်းတို့သည် ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့နယ်၌ ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်းနေ့ ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲမှာ ဟောပြောခဲ့ကြရာ နိုင်ငံတော်ပုန်ကန် သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) နှင့် မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲခံထားရခြင်း ဖြစ်သည်။

R-22