News

POST TYPE

LOCAL

ရန်ကုန်တိုင်းအစိုးရက ရောင်းသည့်တိုက်ခန်း မဲပေါက်သူများ အချိန်မီ မဆက်သွယ်ပါက ဝယ်ယူခွင့်စာရင်းမှ ပယ်ဖျက်မည်
04-Aug-2018

ရန်ကုန်၊ ဩဂုတ် ၎

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မဲနှိုက်ရောင်းချခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများ ဝယ်ယူခွင့် ရရှိသူများအနေနှင့် သတ်မှတ်ရက်အတွင်း မဆက်သွယ်ပါက တိုက်ခန်းဝယ်ယူခွင့်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။

မဲပေါက်၍ ဝယ်ယူခွင့်ရရှိသူများအနေနှင့် တိုက်ခန်းငွေ ပေးသွင်းနိုင်ရေးနှင့် အချက်အလက်များ စိစစ်ဆောင်ရွက်နိုင်ရန် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း၊ ညွှန်ကြားရေးမှူးရုံးသို့ ဩဂုတ် ၆ ရက်မှ ၂၁ ရက်အတွင်း လာရောက်ဆက်သွယ်ရမည်ဖြစ်ကြောင်းနှင့် ဘဏ်ချေးငွေဖြင့် လျှောက်ထားဝယ်ယူလိုသူများမှာ ဩဂုတ် ၆ ရက်မှ ၁၅ ရက်အတွင်း လာရောက်ဆက်သွယ်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။

“တိုက်ခန်းမဲပေါက်သူတွေအနေနဲ့ သတ်မှတ်ရက်အတွင်း မဆက်သွယ်တဲ့သူတွေကို ပြည်သူ့အရောင်းအိမ်ရာ ဝယ်ယူဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ သတ်မှတ်ပြီး ဝယ်ယူခွင့်စာရင်းက ပယ်ဖျက်သွားမယ်”ဟု ၎င်းကဆိုသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း ပထမအသုတ်ဝယ်ယူခွင့်ရရှိသူ ၇၂၂ ဦးတို့၏အမည်စာရင်းများကို ရန်ကုန်တိုင်း၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း၊ ညွှန်ကြားရေးမှူးရုံးတွင် အသိပေး ကြေညာထားကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူများအနေနှင့် ကနဦး၂၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် လျှောက်ထားသူအချို့မှာ မှားယွင်းလျှောက်ထားမှုများကြောင့် ငွေပေးသွင်းရန် အခက်အခဲများရှိနေကြောင်းလည်း တိုက်ခန်း မဲပေါက်သူများထံမှ သိရသည်။

“အခုက တစ်လဝင်ငွေ ငါးသိန်းအောက်ဆို တန်ဖိုးနည်းတိုက်ခန်း၊ ဝင်ငွေ ငါးသိန်းအထက်ဆို တန်ဖိုးသင့်တိုက်ခန်း လျှောက်လို့ရတယ်။ တချို့ကျ တန်ဖိုးသင့်တိုက်ခန်းထဲက အပေါ်ဆုံးထပ်ဆို ၂၀၀ လောက်ပဲကျတော့ လျှောက်တယ်။ ကျွန်တော်က ကံကောင်းတော့ အပေါ်ဆုံးထပ်ပေါက်တယ်။ တချို့ကျ အောက်ဆုံးထပ်တွေပေါက်တော့ ၃၀၀ ကျော် ၄၀၀ ကျော် ဈေးများတော့ မဝယ်နိုင်ကြဘူး”ဟု တိုက်ခန်းမဲပေါက်သည့် ကုမ္ပဏီဝန်ထမ်းဖြစ်သူ ကိုသန့်ကဆိုသည်။

ဝယ်ယူခွင့်ရရှိသူများအနေနှင့် တိုက်ခန်းဈေးနှုန်းများမှာ တန်ဖိုးနည်း တိုက်ခန်းများကို ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ်သိန်း ၁၃၀ ဝန်းကျင်ဖြင့်လည်းကောင်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၆၀၀ အထိလည်းကောင်း ငွေပေးသွင်းရမည်ဖြစ်သည်။

J-10