News

POST TYPE

LOCAL

ပြင်သစ်တွင် ကလေးမုဒိမ်းမှု၊ လိင်နှောင့်ယှက်မှုတို့နှင့်ပတ်သက်၍ တင်းကျပ်သော ဥပဒေပြဋ္ဌာန်း


ပဲရစ် ဩဂုတ် ၂

ပြင်သစ်လွှတ်တော်အမတ်များက လမ်းပေါ်လိင်နှောင့်ယှက်မှုများကို ဒဏ်ကြေးချမှတ်နိုင်ရန်နှင့် အသက် ၁၅ နှစ်အောက်ကလေးနှင့် လိင်ဆက်ဆံခြင်းကို မုဒိမ်းမှုအဖြစ် သတ်မှတ်ရန် တင်းကျပ်သည့် ဥပဒေကို ဗုဒ္ဓဟူးနေ့က ထောက်ခံအတည်ပြုလိုက်ကြရာ ပြင်သစ်နိုင်ငံ၏ နက်နဲသည့် လူမှုဆိုင်ရာ ပြောင်းလဲမှုလက္ခဏာတစ်ခု ဖြစ်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

လောလောဆယ်တွင် အမျိုးသားနှစ်ဦးသည် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်များကို လိင်ပြုကျင့်မှုဖြင့် အမှုရင်ဆိုင်နေရသည်။

ဥပဒေသစ်သည် အရွယ်ရောက်ပြီးသူများနှင့် အသက် ၁၅ နှစ်အောက် ကလေးများအကြား လိင်ဆက်ဆံမှုကို မုဒိမ်းမှုအဖြစ် သတ်မှတ်ရာတွင် လွယ်ကူအောင် အထူးသဖြင့် ပြုလုပ်ပေးခြင်းဖြစ်သည်။

လက်ရှိ ပြင်သစ်ဥပဒေတွင် အသက် ၁၅ နှစ်အောက် ကလေးများနှင့် လိင်ဆက်ဆံမှုကို စော်ကားနှောင့်ယှက်မှုအဖြစ် သတ်မှတ်ထားရာ အစိုးရရှေ့နေများအနေနှင့် မုဒိမ်းမှုအဖြစ် တရားစွဲဆိုနိုင်ရန်အတွက် အတင်းအဓမ္မပြုမှုကို သက်သေပြရန် လိုအပ်နေသည်။

ယခင်နှစ် နိုဝင်ဘာလတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်မှုဖြင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို တရားစွဲဆိုခဲ့ရာ ကလေး၏သဘောဆန္ဒမပါကြောင်း သက်သေမပြနိုင်သောကြောင့် တရားရုံးက လွှတ်ပေးခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလက အသက် ၂၈ နှစ်အရွယ်အမျိုးသားနှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့၏ အခြားတစ်မှုတွင်လည်း ပြည်သူတို့၏ အမျက်ဒေါသထွက်ပေါ်လာခဲ့သည်။

ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်သော ဥပဒေအရ ကလေးငယ်နှင့် လိင်ပြုကျင့်ခြင်းသည် အားမတန်သူကို အနိုင်ကျင့်ကာ လိင်ဆက်ဆံခြင်းဖြစ်သောကြောင့် မုဒိမ်းမှုအဖြစ် သတ်မှတ်နိုင်တော့မည်ဖြစ်သည်။ အထူးသဖြင့် အသက် ၁၅ နှစ်အောက် ကလေးများနှင့်လိင်ဆက်ဆံမှုသည် ကလေး၏လိင်မှုရေးရာနားမလည်မှုကို အမြတ်ထုတ်ခြင်းဖြစ်သောကြောင့် မုဒိမ်းမှုအဖြစ် ယူဆသတ်မှတ်နိုင်မည်ဖြစ်သည်။

ဥပဒေသစ်သည် လိင်စော်ကားမှု ကျူးလွန်နိုင်သူများအတွက် အဟန့်အတားတစ်ခု ဖြစ်လာမည်ဟု ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အငယ်တန်းဝန်ကြီး မာလင်းချစ်ပါက ပြောကြားသည်။

ဥပဒေသစ်တွင် လမ်းပေါ်နှင့် ယာဉ်၊ ရထားများပေါ်တွင် လိင်နှောင့်ယှက်မှုကိုလည်း ဒဏ်ငွေ ယူရို ၉၀ မှ ၇၅၀ အထိ ချမှတ်ရန် ဖော်ပြထားသည်။ ထို့ပြင် အမျိုးသမီးများ၏ဆန္ဒမပါဘဲ စကပ်အောက်မှ ဓာတ်ပုံပင့်ရိုက်သည့် upskirting အပြုအမူကိုလည်း ဒဏ်ငွေ ယူရို ၁၅,ဝ၀၀ နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ရန် ထည့်သွင်းပြဋ္ဌာန်းထားသည်။

လမ်းပေါ်တွင် လိင်နှောင့်ယှက်မှုကြောင့် ပြန်လည်ရန်တွေ့သော အမျိုးသမီးအား အမျိုးသားတစ်ဦးက ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ပြင်သစ်တွင် လိင်နှောင့်ယှက်မှုနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများ တစ်ဖန်ပေါ်ထွက်လာခဲ့သည်။ ဥပဒေသစ်သည် စက်တင်ဘာလတွင် စတင်သက်ရောက်မည်ဖြစ်သည်။  

F-04