News

POST TYPE

LOCAL

မုံရွာဆိပ်ကမ်းရှိ သင်္ဘောဟောင်းနှစ်စင်းကို အပန်းဖြေစားသောက်ဆိုင်လုပ်မည်
03-Aug-2018


မုံရွာ၊ ဩဂုတ် ၂

အသုံးပြုပြေးဆွဲခြင်း မရှိတော့သဖြင့် မုံရွာမြို့၊ ကမ်းနားလမ်း ချင်းတွင်းဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သင်္ဘောနှစ်စင်းကို မုံရွာမြို့သာယာလှပရေးအတွက် လူထုအပန်းဖြေစားသောက်ဆိုင်အဖြစ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ချင်းတွင်းဌာနခွဲထံမှ စုံစမ်းသိရှိရသည်။

တိုင်းအစိုးရစည်ပင်သာယာရေး ဝန်ကြီးဌာနက ချင်းတွင်းမြစ်ကမ်းသာယာ လှပစေရန်ရည်ရွယ်၍ ပန်းနွယ်နှင့် ကံစီ နှစ်ထပ်သင်္ဘောနှစ်စင်းကို အပန်းဖြေစားသောက်ဆိုင် လုပ်နိုင်ရန် ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်သည့်အစည်းအဝေးတွင် အစီအစဉ်များကို ချပြထားပြီး မြို့မိမြို့ဖများက အကြံပြုချက်များပေးနိုင်ရန် အချိန်တစ်လပေးထားကြောင်း၊ ဩဂုတ်လ ၁၆ ရက်နေ့မှသာ မည်သို့လုပ်ကိုင် ဆောင်ရွက်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း တိုင်းစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောကြားသည်။ 

“တစ်ထိုင်တည်းမဆုံးဖြတ်ဘဲ အကြံပြုချက်တွေပေးနိုင်အောင် တစ်လအချိန်ယူပြီးမှ ဘယ်လိုလုပ်ကြမယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ”ဟု ၎င်းက ဆိုသည်။

ပန်းနွယ်နှင့် ကံစီနှစ်ထပ်သင်္ဘောဟောင်းများကို အသုံးမပြုတော့သည့်အတွက် ယခင်အစိုးရလက်ထက်တွင် လေလံပစ်ရာ လေလံအောင်သူက ငွေမသွင်းခဲ့သဖြင့် အစီအစဉ်ပျက်ခဲ့ကြောင်း၊ ယခုအချိန်တွင် စည်ပင်သာယာသို့လွှဲပြောင်းရေး လုပ်ဆောင်နေကာ တိုင်းအစိုးရက အပန်းဖြေစားသောက်ဆိုင်လုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ချင်းတွင်းဌာနခွဲမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးလေးနိုင်က ပြောကြားသည်။

ပန်းနွယ်သင်္ဘောသည် ဂျပန်အစိုးရက ထောက်ပံ့ပေးခဲ့သည့် သင်္ဘောဖြစ်ပြီး ကံစီသင်္ဘောမှာ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက ပြေးဆွဲခဲ့သည့် သင်္ဘောဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ချင်းတွင်းဌာနခွဲထံမှ သိရသည်။ 

R-08



  • VIA