News

POST TYPE

LOCAL

မိတ္ထီလာဒေသထွက် ပဲတီစိမ်းဈေးကျ
02-Aug-2018
မိတ္ထီလာ၊ ဩဂုတ် ၁

မိုးသည်းထန်စွာရွာသွန်းခဲ့၍ မိတ္ထီလာခရိုင်မှထွက်သော ပဲတီစိမ်းခင်းများ အရည်အသွေးလျော့လာကာ တစ်တင်းလျှင် ကျပ်ငါးထောင်ဝန်းကျင် ဈေးကျသွားကြောင်း မိတ္ထီလာဒေသခံ ပဲစိုက်တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဒေသထွက်ပဲတီစိမ်းတစ်တင်း၏ ပေါက်ဈေးမှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ၃၀,၀၀၀ ကျပ် မှ ၃၅,၀၀၀ ကျပ်ခန့်ထိ ရှိခဲ့သော်လည်း ဩဂုတ်လ ၁ ရက်နေ့ ပေါက်ဈေးမှာ တစ်တင်းလျှင် ၂၅,၀၀၀ ကျပ်မှ ၂၆,၀၀၀ ကျပ်ခန့်သာ ရှိတော့ကြောင်း မိတ္ထီလာကုန်စည်ဒိုင်ထံမှလည်း သိရသည်။

ယင်းသို့ အရည်အသွေးကျသွားသော်လည်း လက်ရှိအချိန်အထိ မိတ္ထီလာ ဒေသထွက်ပဲတီစိမ်းများကို မူဆယ်ဘက်သို့တင်ပို့ရန် မန္တလေးဝယ်လက်များက ဝယ်ယူနေဆဲဖြစ်ကြောင်း ပဲကုန်သည်များက ပြောဆိုသည်။

“မိုးလေဝသ အခြေအနေ မကောင်းတော့ အစိုဓာတ်ပါနေတယ်။ ဒါကြောင့် ဈေးပျက်ကုန်တာ။ အရောင်မလှတာလည်းပါတယ်။ အရည်အသွေးညံ့နေတာလည်း ပါတယ်။ ပဲက ခြောက်နေမှ အလျော့တွက်မရှိတာ။ အစိုတွေက ကြာကြာထားရင်လျော့ကုန်တာ”ဟု မိတ္ထီလာမြို့ မိသားစုပွဲရုံလုပ်ငန်းရှင် ဦးလွင်က ပြောကြားသည်။ 

ပဲတီစိမ်းဈေး ရုတ်တရက်ထိုးကျသွားသဖြင့် မြို့ပေါ်ဈေးကွက်သို့ တောင်သူအလာနည်းသွားပြီး ကုန်အဝင်နည်းသွားကြောင်း၊ ပွဲရုံတစ်ရုံလျှင် တစ်တင်းခွဲအိတ် ငါးဆယ်ဝန်းကျင်ခန့်သာဝင်ကြောင်း မိတ္ထီလာမြို့မဈေးတွင် ပဲပွဲရုံဖွင့်ထားသော ဦးခင်မောင်ဝင်းက ပြောဆိုသည်။ 

“အတောင့်ကခြောက်နေပြီ မဆွတ်ရသေးခင် အပင်မှာရှိနေတုန်းမိုးမိပြီး အစိုဓာတ်ဝင်သွားရင် အရည်အသွေးကျသွားတယ်။ အတောင့်ကောက်ပြီးသားကလည်း နေမလှန်းဖြစ်ရင် စိုသွားတယ်။ မနှစ်တုန်းကဆိုရင် မိုးများတာရော ပိုးကျတာရော စုံသွားလို့ တစ်တင်းကို ၉၅၀၀ လောက်အထိ ဈေးကျသွားတာ။ တောင်သူတွေဒုက္ခရောက်ဖူးတယ်”ဟု သာစည်မြို့နယ် ပေါက်ကုန်းကျေးရွာမှ တောင်သူဦးဇော်အောင်က ပြောကြားသည်။ 

မူဆယ်-တရုတ်နယ်စပ်ရှိ ကုန်သွယ်မှုအနေအထားအရ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ပဲတီစိမ်းကားသုံးစီး ၆၃ ဒသမ ၅ တန်ခန့် ဝင်ရောက်ပြီး တစ်တန်လျှင် အနိမ့်ဆုံးဈေး ၅၀၀၀ ယွမ်၊ မြန်မာငွေနှင့်ဆိုပါက ကျပ် ၁,၀၅၉,၅၄၆ မှ အမြင့်ဆုံး ၇၀၀၀ ယွမ် မြန်မာငွေ ၁,၄၈၃,၃၆၅ ကျပ် ခန့်ပေါက်ဈေးရှိနေကြောင်း မောဝ်ရွှေလီ ကုန်သွယ်မှုဗဟိုဌာန၏ ဇူလိုင်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

R-01


  • VIA