News

POST TYPE

LOCAL

ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်ဘုရားတောင်ကုန်း မြေပြို
01-Aug-2018 tagged as ထားဝယ်


ထားဝယ်၊ ဩဂုတ် ၁

ထားဝယ်ဒေသရှိ ရှင်ကိုးရှင်ဘုရား တစ်ဆူဖြစ်သည့် ရှင်မော်ဘုရားတောင်ကုန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၁ ရက်နေ့ နံနက် ၅ နာရီခန့်မှစတင်ကာ မြေပြိုကျမှုဖြစ်ပွားခဲ့သည်။

ဘုရားတောင်ကုန်း၏ အရှေ့ဘက်ဖြစ်သည့် သံဃာအဆောင်နှင့် ဂေါပကအဖွဲ့ရုံးခန်းအဆောင်တို့၏ နောက်ကျောဘက်တွင် အလျား ပေ ၇၀ ခန့် မြေပြိုကျခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းပါက အဆောင်များ ပြိုကျနိုင်ခြေရှိသဖြင့် အဆောင်အတွင်းရှိ ပစ္စည်းများကို သယ်ထုတ်လျက်ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“တစ်ခါမှ ဒီလိုတောင်ပြိုတာ မကြုံဖူးသေးဘူး။ ဂေါပကအဆောင်က နည်းနည်း အက်တာလောက်ပဲ ရှိတယ်။ သံဃာဆောင်ကတော့ ပင်လယ်ဘက်ကို စောင်းနေပြီ”ဟု ရှင်မော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဖေအောင်က ပြောသည်။

ဆက်လက်၍ မြေပြိုနေသည့်နေရာတွင် ဆက်မပြိုစေရေး ယာယီထိန်းသိမ်းနိုင်ရန်အတွက် မြေတူးစက်များဖြင့် သဲ၊ မြေ၊ ကျောက် စသည်တို့ဖြင့် ပြန်ဖို့မည်ဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ထားဝယ်-ရှင်မော်လမ်းပိုင်းရှိ ကျောက်နီမော်ကျေးရွာတွင် တောင်ပြိုကျခြင်းကြောင့် လူ ၃၀၀ နီးပါး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရဖူးသည်။

Dawei Watch