News

POST TYPE

LOCAL

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မီတာပြောင်းလဲတပ်ဆင်ရန် တင်ဒါခေါ်ယူမှု မမျှတဟုဆို
ရန်ကုန်၊ ဇူလိုင် ၃၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်မီတာပြောင်းလဲတပ်ဆင်မှုများအတွက် တင်ဒါခေါ်ယူရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်မညီဘဲ မျှတမှုမရှိကြောင်း Ever meter ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာများကို တင်ဒါခေါ်ယူမှုနှင့်ပတ်သက်၍ အဆိုပါကုမ္ပဏီက ဇူလိုင်လ ၃၀ ရက်တွင် သတင်းမီဒီယာများကို  Park Royal ဟိုတယ်၌ ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်ထုတ်ထားတဲ့ ပစ္စည်းနဲ့ပတ်သက်ပြီး အပြည့်အဝကုန်ကျခံပြီး နိုင်ငံတကာအဆင့်မီ စစ်ဆေးခံပြီးသား လက်မှတ်တွေနဲ့ တင်ဒါဝင်အရွေးခံခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဂတိကော်မရှင်ရယ် ပညာရှင်အဖွဲ့တွေနဲ့ မျက်နှာချင်းဆိုင်ရှင်းလိုက်ရင် အဖြေပေါ်သွားမှာပါ”ဟု ဦးမျိုးအောင်က ဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မီတာပြောင်းလဲတပ်ဆင်မှုများအတွက် ခေါ်ယူသည့်တင်ဒါများ၏ သတ်မှတ်ချက်အတိုင်း ပြည့်စုံစွာဖြင့် ယှဉ်ပြိုင်ခဲ့သော်လည်း တင်ဒါစည်းမျဉ်းများနှင့်မညီဘဲ မကြာခဏစည်းကမ်းများ ပြောင်းလဲခြင်းအပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်သူ့လွှတ်တော်တွင် Ever Meter စက်ရုံနှင့်ပတ်သက်၍ ပြောဆိုမှုများသည် မှန်ကန်မှုမရှိခဲ့ကြောင်း အဆိုပါရှင်းလင်းပွဲထံမှ သိရသည်။

အဆိုပါတင်ဒါခေါ်ယူမှု မမျှတမှုဖြစ်စဉ်များအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ စာပို့၍တိုင်ကြားခဲ့သည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း လက်ရှိတွင် ပြန်လည်အကြောင်းကြားခြင်း မရှိသေးကြောင်း ဦးမျိုးအောင်ထံမှ သိရသည်။

Ever meter စက်ရုံမှပြောဆိုချက်များနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေးရှိသဖြင့် ဆက်သွယ်၍မရခဲ့ပေ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဌာနအတွင်း စည်းမျဉ်းစည်းကမ်းများကြောင့် မှတ်ချက်ပြုမပြောဆိုနိုင်သော်လည်း ယင်းသို့ အငြင်းပွားဖွယ်ကိစ္စရပ်များကို ဌာနအတွင်း ညှိနှိုင်းဆွေးနွေး၍ အများနှင့်သက်ဆိုင်သည့် ဖြစ်ရပ်များဖြစ်သဖြင့် သတင်းထုတ်ပြန်ရန်လိုကြောင်း အဆိုပါဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက ဆိုသည်။

အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်က “တချို့ကိစ္စတွေက ဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်လို့ ဘာမှတ်ချက်မှ မပြောလိုပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေမေးတဲ့ မီတာကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားမှုတွေက အားမရတာကို မြင်တွေ့နေရတာပဲ”ဟု ဆိုသည်။

ဒေါပုံက Ever meter ကုမ္ပဏီသည် လက်ရှိတွင်နိုင်ငံအနှံ၌ မီတာအလုံးရေ ၂ သန်းခန့်ကို ၂၀၁၁ မှစ၍ တပ်ဆင်အသုံးပြုထားပြီး ဒေါပုံမြို့နယ်တွင် ကနဦးစီမံချက်ဖြင့် ဒစ်ဂျစ်တယ်မီတာစနစ်ကို အခမဲ့တပ်ဆင်၍ စမ်းသပ်အသုံးပြုထားကြောင်း အဆိုပါရှင်းလင်းပွဲထံမှသိရသည်။

J-14