News

POST TYPE

LOCAL

ရေးတွင် ကုမ္ပဏီများ လျှပ်စစ်ဖြန့်ဖြူးခ တစ်ပြေးညီကောက်ခံရန် ညှိနှိုင်းမှု အဆင်မပြေ
မော်လမြိုင်၊ ဇူလိုင် ၃၁

မွန်ပြည်နယ် ရေးမြို့နယ်တွင် လျှပ်စစ်မီတာခဈေးနှုန်း တစ်ပြေးညီကောက်ခံရန် ဇူလိုင်လ ၃၀ ရက်က လျှပ်စစ်ဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့် လွှတ်တော်မှ တာဝန်ရှိသူတို့ ညှိနှိုင်းခဲ့ရာ အဆင်မပြေသေးကြောင်း ရေးမြို့နယ် ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ် မြောက်ပိုင်းတွင် Southern Myanmar Development ကုမ္ပဏီက လျှပ်စစ်မီတာခ ပြောင်းလဲကောက်ခံမှုနှင့် ပတ်သက်၍ ဒေသခံများမှ ညှိနှိုင်းပေးရန် တောင်းဆိုထားသည့်အပေါ် ရေးမြို့နယ်ရှိ လျှပ်စစ်ဖြန့်ဖြူးသည့် ကုမ္ပဏီများကို ဈေးနှုန်းတစ်ခုတည်းဖြစ်စေရန် ခေါ်ယူညှိနှိုင်းရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ပြည်နယ် လွှတ်တော်ထံမှ သိရသည်။ 

“အဓိက ပြဿနာက ဈေးနှုန်းသတ် မှတ်ကောက်ခံတဲ့ကိစ္စမှာ ပြဿနာဖြစ်နေတယ်၊ ရေးမြို့နယ်မှာ လျှပ်စစ်ကုမ္ပဏီ ၃ ခုက သတ်မှတ်ထားတဲ့ နှုန်းထားတစ်ခုက မတူညီကြဘူး၊ နောက်ဆုံးဘာဖြစ်လဲဆိုတော့ SMD ကုမ္ပဏီက ပြောထားတဲ့နှုန်းထားနဲ့ ပြောင်းလဲကောက်ခံတဲ့နှုန်းထားတွေကြောင့် အသံထွက်လာတယ်၊ ဒီကိစ္စက အခုညှိနှိုင်းနေတုန်းပဲ အဆင်မပြေသေးဘူး၊ ထပ်ပြီးညှိနှိုင်းရမယ့် အနေအထားပါ”ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

လျှပ်စစ်မီတာဈေးနှုန်းကောက်ခံသည့် ပြဿနာမှာ ကျေးရွာတစ်ခုတည်းတွင် မဟုတ်ဘဲ ရေးမြို့နယ်တစ်ခုလုံးအတွက် ဖြစ်နေသည့်အတွက် လျှပ်စစ်ဥပဒေအရ မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် လျှပ်စစ်ဖြန့်ဖြူး ကြီးကြပ်ရေးကော်မတီ၏ သတ်မှတ်ဈေးနှုန်းအတိုင်း ကောက်ခံရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဈေးကောက်ခံမှုပုံစံက ရေရှည်အတွက် ဘယ်လိုမှ အဆင်မပြေတဲ့အတွက် ကျွန်တော်တို့ လွှတ်တော်ကို အကူအညီတောင်းတယ်၊ အဲဒီတော့ လွှတ်တော်ကနေ မီးဖြန့်ဖြူးတဲ့ကုမ္ပဏီ ၃ ခုကို ခေါ်တယ်၊ ဒေသခံခေါ်တယ်၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ကြီးကြပ်ရေးကော်မတီကို ခေါ်ပြီးတွေ့ဆုံတယ်၊ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်တွေကို ဆွေးနွေးတာ မဆုံးဖြတ်နိုင်ဘူး”ဟု ရေးမြို့နယ် ဒေသခံ မင်းသိန်းထူးက ပြောသည်။ 

SMD ကုမ္ပဏီမှ စီမံကိန်းတာဝန်ခံတစ်ဦးက အစည်းအဝေးတက်ရောက်ခဲ့ပြီး တာဝန်ခံမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိ၍ ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်ရှိသူကို တင်ပြသွားမည်ဟု ပြောဆိုခဲ့ကြောင်း၊ ဒေသခံများ တောင်းဆိုထားသော လမ်းမီးကိစ္စမှာလည်း မီတာခမပေးနိုင်ပါက လမ်းမီးကို ပိတ်မည်ဟုပြောရာ လမ်းမီးပိတ်ပါက ဒေသခံများအတွက် အဆင်မပြေနိုင်ကြောင်း ၎င်းက ဆိုသည်။ 

လက်ရှိတွင် ရေးမြို့နယ်တွင် လျှပ်စစ်မီးများကို Southern Myanmar Development ကုမ္ပဏီ၊ မြတ်သူရ ကုမ္ပဏီနှင့် Bedok Construction and Engineering ကုမ္ပဏီတို့က ဖြန့်ဖြူးနေသည်။ 

“ကျွန်တော်တို့ ကုမ္ပဏီကတော့ ပြည်နယ်အစိုးရက ဆုံးဖြတ်တဲ့အတိုင်း သဘောတူပါတယ်၊ ရေးမြို့ပေါ်မှာ ဖြန့်နေတာ၊ ပြည်နယ်အစိုးရက ဖွဲ့ထားတဲ့ ၅ ဦး ကော်မတီက ဆုံးဖြတ်မှအဖြေထွက်မှာပါ၊ ကျွန်တော်တို့ ဈေးကျရင်လည်း စာတင်ပြီးချတယ်၊ ဈေးတက်ရင်လည်း စာတင်ပြီးမှ ဈေးတင်ပါတယ်”ဟု မြတ်သူရကုမ္ပဏီမှ မီးလင်းရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးတင်ရှိန်က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အစိုးရ အဖွဲ့တွင်လည်း လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးမခန့်အပ်နိုင်သေးသည့်အတွက် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပူးတွဲတာဝန်ယူနေရကြောင်း၊ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေး ကော်မတီကို ဇူလိုင်လ ၂၅ ရက်က ပြန်လည်ဖွဲ့စည်းထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

R-21