POST TYPE

LOCAL

နွယ်ငြိမ်းစဥ့်လုပ်ငန်း အရောင်းအဝယ်ရပ်


ရွှေဘို၊ ဇူလိုင် ၂၉

နာမည်ကျော် စဥ့်ထည်များ ထွက်ရှိရာ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ နွယ်ငြိမ်းကျေးရွာ၏ အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် စဥ့်လုပ်ငန်းမှာ ယခုလအတွင်း အရောင်းအဝယ် ရပ်ဆိုင်းနေကြောင်း စဥ့်လုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်များက မိုးတွင်းကာလတွင် တစ်လလျှင် ဒေသရှိ စဥ့်အိုးထောင်ချီ၍ ရောင်းရသော်လည်း ယခုနှစ်တွင် ရာသီဥတုအခြေအနေကြောင့် အိုးဝယ်ယူမည့်သူများပင်မရှိတော့သဖြင့် ဒေသရှိစဥ့်အိုး အရောင်းအဝယ်ရပ်ရခြင်းဖြစ်ကြောင်း A1 စဥ့်လုပ်ငန်းလုပ်ကိုင်သူ ဦးသက်ဦးက ပြောကြားသည်။

“အိုးဈေးကွက်ကြောင့်လည်း မဟုတ်ဘူး။ နိုင်ငံရေး၊ စီးပွားရေးမကောင်းလို့ မဟုတ်ဘူး။ ရာသီဥတုအခြေအနေအရ တစ်လလုံး မိုးများနေတာ ရောင်းလို့ဝယ်လို့မရဘူး။ ဒီလောက်မိုးတွေများတော့ ဝယ်လူလည်း မထွက်နိုင်တော့ဘူး။ ရာသီဥတုကောင်းသွားရင် အရောင်းအဝယ်က ပုံမှန်အတိုင်းပြန်ဖြစ်လာမှာပါ။ ဒီဘက်က ဈေးကွက်က အဲဒီဒေသတွေကို မှီခိုနေတယ်”ဟု ဦးသက်ဦးက ပြောဆိုသည်။ 

နွယ်ငြိမ်းဒေသထွက် စဥ့်အိုးအပါအဝင် စဉ့်ထည်များကို မွန်ပြည်နယ် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတို့မှ ဝယ်လက်များက အများဆုံး ဝယ်ယူလျက်ရှိသည်။

ယခင်နှစ်မိုးတွင်းကာလတွင် အိုးအလုံးရေ တစ်ထောင်ခန့်ရောင်းချရလေ့ရှိသော်လည်း ယခုအခါအရောင်းအဝယ်မှာ ရပ်ဆိုင်းနေကြောင်း နွယ်ငြိမ်းစဥ့်လုပ်ငန်းရှင်များက ပြောကြားသည်။

နွယ်ငြိမ်းစဥ့်လုပ်ငန်းတွင် ပိဿာ ၁၅၀ ဝင်အိုးတစ်လုံးလျှင် ကျပ်နှစ်သောင်း ဝန်းကျင်ဈေးဖြင့် ရောင်းဝယ်နေကြောင်း၊ လက်ရှိယင်းဒေသတွင် လုပ်ငန်းရှင်ကြီး ၂၀ ခန့်အပြင် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများလည်းရှိကြောင်း စဥ့်လုပ်ငန်းတစ်ပိုင် တစ်နိုင်လုပ်ကိုင်သူ ဒေါ်စန်းဝေက ပြောဆိုသည်။ 

R-09