News

POST TYPE

LOCAL

YBS ၉၈ လှိုင်သာယာ-ဗိုလ်တထောင် တိုက်ရိုက်ပြေးမည်
ရန်ကုန်၊ ဇူလိုင် ၂၆

အထက်ကြည့်မြင်တိုင်လမ်းကြောင်း အတိုင်းမောင်းနှင်မည့် လှိုင်သာယာ-ဗိုလ်တထောင် ခရီးစဉ်ကို ယာဉ်စီးခ ကျပ် ၃၀၀ ဖြင့် YBS ၉၈ ယာဉ်လိုင်းသစ်ဖြင့် ဇူလိုင်လ ၃၁ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီထံမှ သိရသည်။

“စပြေးတဲ့နေ့ကို ယာဉ်စီးခ အခမဲ့အဖြစ် ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ယာဉ်စီးခမှာ ပုံသေ ၃၀၀ ကျပ်ဆိုပေမယ့် YPS စနစ်ပေါ်လာရင် ယာဉ်စီးခကို YPS ရဲ့ သတ်မှတ်ချက်အတိုင်း ကောက်ခံသွားမှာပါ”ဟု Omni Focus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါယာဉ်လိုင်းကို Foton ယာဉ်အမျိုးအစား စီးရေ ၄၅ စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး Aircon အသုံးပြုထားသဖြင့် ယာဉ်ပေါ်တွင် ပြတင်းပေါက်များမဖွင့်ရန်၊ မည်သည့်အစားအစာမှမစားရန်၊ အမှိုက်မပစ်ရန်၊ ဆေးလိပ်မသောက်ရန်၊ Aircon လေထွက်ပေါက်များကို မပိတ်ဆို့ရန်၊ ယာဉ်စီးခကို တိကျစွာပေးရန် ၎င်းက အသိပေးပြောကြားသည်။

ခရီးစဉ်လမ်းကြောင်းများမှာ ဒဂုံဧရာအဝေးပြေး- ညောင်တုန်းလမ်း- အောင်ဇေယျတံတား- ပေါက်တောဝ- ဘုရင့်နောင်လမ်းဆုံ- ရေကြောင်း- အရိုးဆေးရုံ- ကြည့်မြင်တိုင်ညဈေး- ဟုမ်းလမ်း- သခင်မြပန်းခြံ - ဗိုလ်ချုပ်ဈေး (Junction City)- လမ်း (၅၀)- ညောင်တန်း- သန်လျက်စွန်း- ဗိုလ်တထောင်ဘုရား- (၆) ထပ်ရုံး- မော်တင်တို့ဖြစ်သည်။

လက်ရှိတွင် Omni Focus ကုမ္ပဏီအနေနှင့် YBS ၂၀၊ ၅၆၊ ၈၃၊ Airport Shuttle Bus ယာဉ်လိုင်းတို့ကို ယာဉ်စီးရေ ၂၀၀ စီးကျော်ဖြင့် နေ့စဉ်ပြေးဆွဲပြီး YBS ၉၈ ယာဉ်လိုင်းကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်သည်။

J-06