News

POST TYPE

LOCAL

ကျိုင်းတုံတွင် စည်းကမ်းမဲ့အုတ်သဲကျောက်နှင့် မြေသယ်ယာဉ်များကို အရေးယူမည်


ကျိုင်းတုံ၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ မြို့တွင် ဩဂုတ်လပထမပတ်မှစတင်၍ စည်ပင်သာယာနယ်နိမိတ်အတွင်း အဖုံးအအုပ်များမပါဘဲ စည်းကမ်းမဲ့မောင်းနှင်သည့် အုတ်သဲကျောက်နှင့် မြေသယ်ယာဉ်များကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားသည်။

“ယာဉ်အန္တရာယ်ကင်းရှင်းဖို့နဲ့ မြို့သန့်ရှင်းသာယာဖို့အတွက် မနေ့ကစပြီး မြို့အဝင်အထွက်လမ်းတွေမှာ လိုက်နာဖို့ဆိုင်းဘုတ်တွေ စိုက်ထူပြီးပါပြီ။ နှစ်ပတ်ကြာ အသိပညာပေးပြီးရင်တော့ ဖမ်းဆီးအရေးယူမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ကျိုင်းတုံမြို့တွင် မြို့တွင်းလမ်း အချို့ကို ကုန်တင်ယာဉ်များ မဝင်ရလမ်းအဖြစ် သတ်မှတ်ထားသည့်အပြင် စည်းကမ်းမဲ့ အုတ်သဲကျောက်နှင့် မြေသယ်ယာဉ်များကိုလည်း အဖုံးအအုပ်များ ဖုံးအုပ်မောင်းနှင်ရန် ညွှန်ကြားပြီးဖြစ်၍ ဖောက်ဖျက်ပါက စည်ပင်သာယာဥပဒေအရ ကျပ်တစ်ထောင်မှ ကျပ်ငါးသောင်းအထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ရှင်းပြသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တြိဂံဒေသတိုင်းစစ်ဌာန ချုပ်အခြေစိုက်ရာ ကျိုင်းတုံမြို့တွင် အုတ်သဲကျောက်နှင့် မြေသယ်ယာဉ်များသည် အဖုံးအအုပ်များမပါဘဲ မောင်းနှင်ကြရာ လမ်းမများပေါ်တွင် မြေကြီးများနှင့် အုတ်သဲကျောက်များ လွင့်စဉ်ကျ၍ မြို့အလှအပကို ဖျက်ဆီးနေသည့်အပြင် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။

R-16