News

POST TYPE

LOCAL

နာရေးသွားမေးသူနှစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး
13-Jul-2018

မြိတ်၊ ဇူလိုင် ၁၂

နာရေးသွားမေးရန် မြိတ်မြို့မှ ပုလောမြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သည့် အမျိုးသမီးနှစ်ဦး ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့ကြောင်း ပပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဇူလိုင်လ ၉ ရက်နေ့က အဆိုပါ အမျိုးသမီးနှစ်ဦး အနောက်မှထိုင်လိုက်ပြီး အမျိုးသားတစ်ဦး မောင်းနှင်သည့် ဆိုင်ကယ်သည် မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု၊ အထက်ပပြင်ကျေးရွာအနီးတွင် ၁၂ ဘီး ကုန်တင်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်မှာ ကုန်းဆင်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ကုန်တင်ယာဉ်အား မျက်နာချင်းဆိုင်ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးစောဦးက ပြောသည်။

“လမ်းအကွေ့မှာ ကွေ့လို့မရဘဲ အရှိန်လွန်ပြီး သွားတိုက်တာ”ဟု အုပ်ချုပ်ရေးမှူး ဦးစောဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနင်သူမှာ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သမုတ်ရဲကင်းစခန်းထံမှ သိရသည်။

ဆိုင်ကယ် မောင်းနှင်သည့် အသက် ၂၄ နှစ်ရှိ အမျိုးသားအား ယာဉ် (ပ) ၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ၂၇၉/၃၀၄-က/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သမုတ်ရဲကင်းစခန်းထံမှ သိရသည်။

Dawei Watch