News

POST TYPE

LOCAL

လက်မှုပစ္စည်း အလုပ်ရုံငယ်များကို အခွန်ကင်းလွတ်ခွင့်ပေးရန်တင်ပြ
13-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၂

မြန်မာ့လက်မှုပစ္စည်းဈေးကွက် အေးစက်နေသည့်အတွက် အလုပ်သမား ၁၀ ဦးထက်မပိုသည့် လက်မှုပစ္စည်းထုတ်လုပ်သည့် အလုပ်ရုံငယ်များကို အချိန်ကာလတစ်ခုအထိ အခွန်ကင်းလွတ်ခွင့်ပေးရန် (သို့မဟုတ်) အခွန်လျှော့ပေါ့ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မြန်မာ့လက်မှေု အနုပညာအသင်းထံမှ သိရသည်။

လက်ရှိတွင် လက်မှုပစ္စည်းလုပ်ငန်းများအနေနှင့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် ပြည်ပမှလိုအပ်သည့် ပစ္စည်းများတင်သွင်းပါက အကောက်ခွန်၊ ဆိပ်ကမ်းခွန်နှင့် အခြားအခွန်အမျိုးအစားများကို ပေးဆောင်နေရခြင်းဖြစ်သည်။ 

လက်မှုပစ္စည်းများ ရောင်းဝယ်အား ကောင်းမွန်လာပါက အခွန်ပြန်လည်ပေးဆောင်နိုင်မည်ဖြစ်ပြီး မြန်မာ့လက်မှုပစ္စည်းများကို ဥရောပဈေးကွက်၊ အမေရိကန်ဈေးကွက်များကဲ့သို့ ဈေးကွက်ကြီးများကို ထိုးဖောက်နိုင်ရန်အတွက် အစိုးရက ကူညီပံ့ပိုးပေးရန်နှင့် ကြီးမားသည့်ဈေးကွက် ရရှိမှသာ ထုတ်လုပ်မှုမြင့်တက်နိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်မှုအနုပညာအသင်း ဥက္ကဋ္ဌ ဦးသာဓုက ပြောကြားသည်။

ထို့ပြင် လက်မှုအနုပညာပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်များ၊ အခက်အခဲများတင်ပြရန် သက်ဆိုင်သည့် အစိုးရဝန်ကြီးဌာနများနှင့် တစ်နှစ်လျှင် သုံးကြိမ်၊ လေးကြိမ် တွေ့ဆုံဆွေးနွေးခွင့်ပြုရန်၊ လက်မှုအနုပညာပစ္စည်းများအနေနှင့် ပစ္စည်းမှန်၊ ဈေးမှန်ရရှိစေရန် အစိုးရအနေနှင့် လက်မှုအနုပညာစင်တာတစ်ခု တည်ထောင်ပေးရန်နှင့် အချို့အလုပ်ရုံများမှာ စရိတ်ဖိစီးမှု ကြုံတွေ့နေရသဖြင့် လက်မှုအလုပ်ရုံများကိုစုစည်း၍ လက်မှုရွာတစ်ခု စုစည်းတည်ထောင်ပေးရန် စသည့်အချက်များကို ထည့်သွင်းတင်ပြထားကြောင်း မြန်မာ့လက်မှု အနုပညာအသင်းထံမှ သိရသည်။

J-11


  • VIA