News

POST TYPE

LOCAL

ကလေးဝတွင် ကျောက်မီးသွေးစက်ရုံတည်ဆောက်မည်ကို ဒေသခံများ ကန့်ကွက်
12-Jul-2018

ကလေး၊ ဇူလိုင် ၁၁ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေးစက်ရုံတည်ဆောက်ရန် ဆောင်ရွက်နေသည့်အပေါ် ဒေသခံများအနေနှင့် သဘောမတူဘဲ ကန့်ကွက်ကြောင်း ယင်းဒေသခံများက ပြောကြားသည်။ 

ကလေးဝမြို့နယ် နန်းမော်ကယ်ကျေးရွာ အနောက်ဘက် ကလေးဝ- မော်လိုက်လမ်း အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ မြေဧရိယာ ဧက ၉၀ အပေါ်တွင် ထွန်းသွင်ကုမ္ပဏီက ကျောက်မီးသွေး စက်ရုံတည်ရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က မထုကျေးရွာနေ ရွာသူရွာသားများနှင့် တစ်ကြိမ် ၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က မြေသာကျေးရွာနှင့် ယောစုကျေးရွာနေ ဒေသခံများနှင့်တစ်ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။

ယင်းသို့ ပြုလုပ်ရာတွင် သဘောထားမှတ်ချက်တစ်ပါတည်း တောင်းခံခဲ့ရာ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ ဒေသခံများ၏ မူလလယ်ယာလုပ်ငန်းခွင် အလုပ်အကိုင်များ ပျက်စီးခြင်းများနှင့် ကြုံတွေ့ရမည်ကို ဒေသခံများအနေနှင့် စိုးရိမ်နေကြခြင်းဖြစ်ကြောင်း မထုကျေးရွာဒေသခံများက ပြောကြားသည်။ 

“စိုးရိမ်လို့ လက်မခံခဲ့ကြတာ။ ဒီလို လက်မခံကြဘူးဆိုတာကို သိပါလျက်နဲ့ ဒီလိုထပ်လုပ်ဖို့ ကြိုးစားလာတာကတော့ မကောင်းဘူးပေါ့ဗျာ”ဟု မထုကျေးရွာဒေသခံ ဦးထွန်းမြင့်ရွှင်က ပြောဆိုသည်။ 

၂၀၁၃ ခုနှစ်ကလည်း အဆိုပါနေရာ၌ လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ထုတ်လွှတ်နိုင်မည့် ကျောက်မီးသွေးစက်ရုံတည်ရန် ထွန်းသွင်ကုမ္ပဏီက ကြိုးပမ်းခဲ့ရာ ဒေသခံများက သဘောမတူ လက်မခံခဲ့သဖြင့် စီမံကိန်းမပြုလုပ်မီကတည်းက ရပ်နားခဲ့ရပြီး ယခုနှစ်တွင်တစ်ကြိမ် ထပ်မံပြုလုပ်ရန် ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းလာခြင်းဖြစ်သည်။ 

“ကျေးရွာရဲ့ သဘောထားမှတ်ချက်ကတော့ တင်ပေးလိုက်ပြီ။ ရပ်မိရပ်ဖအစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ သဘောထားမှတ်ချက် တင်ပေးတဲ့အခါ သဘောတူတယ်၊ မတူဘူး မပြောဘဲနဲ့ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့ရာနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တဲ့ အတိုင်းအတာကို ဒါတွေကို စိစစ်ပေးဖို့ရာဆိုပြီး ဆုံးဖြတ်ချက်ချတင်ပေးလိုက်တယ်။ ဒေသခံတွေကတော့ သူတို့သဘောတူတဲ့ အင်အားမရှိဘူး”ဟု မထုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တင့်က ဆိုသည်။ 

ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ အကောင်အထည်ဖော်မည်နှင့် ပတ်သက်၍ သဘောမတူကြောင်း ကလေးဝမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ 

R-20