News

POST TYPE

LOCAL

ပြည်ပလေကြောင်းလိုင်း ၁၁ ခု ရန်ကုန်လေဆိပ် Terminal 1 သို့ ဇူလိုင် ၂၆ နောက်ဆုံးပြောင်းရမည်
11-Jul-2018


ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို ဇူလိုင်လ ၂၆ ရက် နောက်ဆုံးထား၍ Terminal 1 သို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။ 

“Terminal 2 က ပြန်ပြင်မှာမို့လို့ ဒီလ ၂၆ ရက်နောက်ဆုံးထားပြီး ကောင်တာတွေ ရွှေ့ရမယ်။ ၂၇ ဆို T2 က လေကြောင်းလိုင်းခရီးသည်တွေအကုန် T 1 မှာ စီးရမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် Terminal 2 ရှိ BimanAirlines သည် Terminal 1 သို့ ဇူလိုင်လ ၇ ရက်တွင် ပြောင်းရွှေ့ပြီးဖြစ်ကာ လက်ရှိပြေးဆွဲနေသည့် ပြည်ပလေကြောင်းလိုင်းများဖြစ်သည့် Air India၊ China Airlines ၊ Jestar၊ Myanmar National Airlines၊ Malaysia Airlines၊ Nok Air၊ Qatar Airways၊ Thai  Airways၊ Thai Smile Airlines၊ Vietjet Airlines တို့မှ ကောင်တာများ ဇူလိုင်လအတွင်း ရွှေ့ပြောင်းရမည်ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်သည့် စီမံကိန်းတွင် ပါဝင်သည့် Terminal 2 နှင့် ၁ ကို ချိတ်ဆက်ရေးလုပ်ငန်းများဆောင်ရွက်ရန် Terminal 2 ရှိ လေဆိပ်ရုံးခန်းများနှင့် လေကြောင်းလိုင်း ကောင်တာများကို Terminal 1 သို့ ခေတ္တရွှေ့ပြောင်းခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချိန် တစ်နှစ်ခွဲခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။

 “သူတို့က ရွှေ့ခိုင်းရင်တော့ ရွှေ့ရမှာပေါ့။ လက်ရှိ Operation လုပ်နေတဲ့ Yagon Aerodome ကုမ္ပဏီက ကျွန်တော်တို့ကိုတော့ တရားဝင်စာပို့ထားတာ မရှိသေးဘူး”ဟု MNA လေကြောင်းလိုင်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည့် ခရီးသွားဧည့်သည်များအနေနှင့် ၂၀၁၆ ခုနှစ်က ခရီးသည် ၅ ဒသမ ၄ သန်းရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ခရီးသည် ၅ ဒသမ ၉၂ သန်း ရောက်ရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရသိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြည်တွင်းလေကြောင်းလိုင်း ၁၁ ခုနှင့် ပြည်ပလေကြောင်းလိုင်း ၂၇ ခုတို့ အသုံးပြုနေသော လေဆိပ်ဖြစ်ကြောင်းလည်း အဆိုပါဌာနထံမှ သိရသည်။

J-14


  • VIA