News

POST TYPE

LOCAL

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို အပြောနှင့် မလုပ်ဘဲ လက်တွေ့ပြတ်သားစွာ လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား
24-Jul-2016

န်ကုန်၊ ဇူလိုင် ၂၃

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနှင့် လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် အပြောနှင့် မလုပ်ဘဲ လက်တွေ့ပြတ်သားစွာ ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့သည် ဇူလိုင်လ ၁၈ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အတိုင်ပင်ခံကတော့ ပြောသွားတာရှိတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို အပြောနှင့် မလုပ်ဘဲ အပြောရော အလုပ်ပါ ပြတ်သားစွာ လုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် အများပြည်သူပိုင် လမ်းများပေါ်တွင် ကျုးကျော်ပြီး ဈေးရောင်းချနေမှုများ၊ အများပိုင် မြေနေရာများတွင် ကျုးကျော်နေထိုင်သူများနှင့် လူဆိုးလူမိုက်များကို ရှင်းလင်းသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။ ယင်းအပြင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် မပြုသည့် ကိစ္စ၊ အထပ်မြင့် အဆောက်အအုံများ ပြန်လည်စိစစ်သည့် ကိစ္စ၊ မဟနရှိလျှင် မဘသရှိရန် မလိုအပ်တော့ဟု ပြောဆိုသည့် ကိစ္စများကြောင့် ဝေဖန်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေ့ဆုံရာတွင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစနစ်နှင့် ပတ်သက်သော အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။