News

POST TYPE

LOCAL

အခွန်သက်သာခွင့်ရရှိရန် ပို့ကုန်သမားများ မှတ်ပုံတင် စလုပ်ရမည်
29-Jun-2018
ရန်ကုန်၊ ဇွန် ၂၈

မြန်မာပင်ရင်း ထုတ်ကုန်များအတွက် ဥရောပသမဂ္ဂအဖွဲ့နိုင်ငံများဖြစ်သည့် နော်ဝေ၊ ဆွစ်ဇာလန်နှင့် တူရကီနိုင်ငံတို့၏ အထူးကုန်စည်ခွန် သက်သာခွင့် (GSP) ရရှိရန် ပို့ကုန်သမားများ ဇွန်လမှစ၍ မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။ 

ပို့ကုန်တင်ပို့သူများသည် မှတ်ပုံတင် ပို့ကုန်တင်ပို့သူအဖြစ် လျှောက်ထားနိုင်ရန် ဥရောပသမဂ္ဂနိုင်ငံများ၏ ဝက်ဘ်ဆိုက်ဖြစ်သည့် http://customs.ec.europa.eu/rex-pa-ui/#/create-preapplication/ သို့ ဝင်ရောက်၍ လျှောက်လွှာတွင် အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်စွက်ရမည်ဖြစ်ကာ အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီးပါက ကုန်သွယ်ရေးဦးစီးဌာနတွင် စာရွက်စာတမ်းများတင်ပြ၍ မှတ်ပုံတင်ပို့ကုန်တင်ပို့သူအဖြစ် လျှောက်ထားရမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

မှတ်ပုံတင်ပို့ကုန် တင်ပို့သူမှတ်ပုံတင် သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး မှတ်ပုံတင် ပို့ကုန်တင်ပို့သူအဖြစ် မှတ်ပုံတင်ခြင်းသည် ဥရောပသမဂ္ဂ၊ နော်ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတို့သို့ တင်ပို့သော မြန်မာ့ပင်ရင်း ထုတ်ကုန်များအတွက်ပါ အကောက်ခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ 

“GSP နဲ့တင်ပို့ရင် အခွန်က သုညရာခိုင်နှုန်းဖြစ်ပါတယ်။ အရင်က GSP အရသွင်းရင် GSP Form-A ကို လျှောက်ရတယ်။ အခု ပိုပြီးလွယ်ကူလျင်မြန်ဖို့အတွက် Form-A လည်း လျှောက်စရာမလိုတဲ့ ကုန်သွယ်ရေးဦးစီးဌာနက Register စနစ်ကိုလုပ်မှာပါ။ ပို့ကုန်သမားတွေ မှတ်ပုံတင်လုပ်ရမှာပေါ့။ မြန်မာနိုင်ငံမှာ အီးယူကိုပို့တဲ့ ရေထွက်ကုမ္ပဏီပေါင်း ၂၀ ရှိပါတယ်”ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးတင်လှက ပြောကြားသည်။

မှတ်ပုံတင်ပို့ကုန် မှတ်ပုံတင်နံပါတ်ရရှိပြီးသူသည် GSP Form-A ကို လျှောက်ထားရန်မလိုအပ်ဘဲ ပို့ကုန်သမားများအနေနှင့် မှတ်ပုံတင်လျှောက်ထားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားမှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်နံပါတ် ရရှိပြီးသူများ ပို့ကုန်တင်ပို့ပါက ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာချက်ကိုပါ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် မှတ်ပုံတင်ပို့ကုန်တင်ပို့သူသည် ပင်ရင်းထုတ်ကုန်ကို လိမ်လည်ကြေညာခြင်း၊ မမှန်ကန်သော အချက်အလက်များ ကြေညာခြင်းတို့ကို စိစစ်တွေ့ရှိပါက မှတ်ပုံတင်ခွင့်ပြုချက်ကို ပယ်ဖျက်မည်ဖြစ်ပြီး သက်ဆိုင်ရာဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

J-11


  • VIA