News

POST TYPE

LOCAL

ချင်းတွင်းမြစ်တွင်း ၂ ထပ်သင်္ဘော ရှေ့လတွင် ဆွဲမည်
28-Jun-2018
ရန်ကုန်၊ ဇွန် ၂၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနအပါအဝင် မိုးမြင့်ကြယ်နှင့် ကြည်သာအောင်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ မုံရွာ-ဟုမ္မလင်းခရီးကို လူစီးကုန်တင်နှစ်ထပ်သင်္ဘော ဇူလိုင်လတွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မိုးမြင့်ကြယ်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးပိုင်ရှင် ဦးစိုးမိုးနိုင်က ပြောကြားသည်။

“ဒီခရီးစဉ်ကို မနှစ်က ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းနဲ့ စဆွဲဖြစ်ခဲ့တာပေါ့။ ဒီနှစ်တော့ နောက်ထပ်ကုမ္ပဏီတစ်ခုနဲ့ ရေယာဉ်တိုးပြီး ခရီးသည်တွေ သွားလာမှုပိုအဆင်ပြေအောင် ပူးပေါင်းလိုက်တာပါ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

ယခင်က အဆိုပါခရီးစဉ်ကို ရှပ်ပြေးရေယာဉ်ဖြင့် ပြေးဆွဲခဲ့ရာတွင် ခရီးသည်များအတွက် အန္တရာယ်ရှိနိုင်သောကြောင့် နှစ်ထပ်သင်္ဘောဖြင့် အစားထိုးပြေးဆွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မုံရွာ-ဟုမ္မလင်း ခရီးစဉ်ပြေးဆွဲရာတွင် မိုးမြင့်ကြယ်ကုမ္ပဏီအနေနှင့် ပင်လုံအမည်ပေးထားသော နှစ်ထပ်ရေယာဉ်တစ်စင်းဖြင့် ဇူလိုင်လ ၂ ရက်တွင် ပြေးဆွဲမည်ဖြစ်ပြီး ကြည်သာအောင် ကုမ္ပဏီအနေနှင့် ချမ်းငြိမ်းအမည်ပေးထားသော ရေယာဉ်တစ်စင်းဖြင့် ဇူလိုင်လ ၅ ရက်တွင် တစ်ပတ်လျှင် နှစ်ခေါက်နှုန်း ပြေးဆွဲမည်ဖြစ်သည်။

“ရာသီဥတုအခြေအနေကိုကြည့်ပြီး ပြေးဆွဲမှာဖြစ်ပါတယ်။ အခုလို ရေများတဲ့အချိန်ဆိုရင် သင်္ဘောကြီးတွေက ဆွဲလို့ ပိုအဆင်ပြေပါတယ်။ သင်္ဘောက တစ်စင်းနဲ့ ပြေးမှာပါ”ဟု ကြည်သာအောင်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အစုန်ခရီးစဉ်ကို တစ်ညအိပ်နှစ်ရက်အဖြစ် တနင်္လာ၊ ကြာသပတေးရက်တွင် ထွက်ခွာပြီး အဆန်ခရီးစဉ်ကို နှစ်ညအိပ် သုံးရက်ခရီးစဉ်အဖြစ် တနင်္လာ၊ သောကြာရက်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ခရီးစဉ်တစ်ခုလုံးမှာ ငါးရက်ကြာမြင့်မည်ဖြစ်ကာ ခရီးလမ်းတစ်လျှောက် မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ သောင်သွပ် ဆိပ်ကမ်းများကို ဆိုက်ကပ်ပေးမည်ဖြစ်သည်။

အသွားအပြန် လက်မှတ်ခနှုန်းထားများမှာ မုံရွာ-မင်းကင်းကို ရိုးရိုးတန်း ကျပ် ၃၀၀၀၊ အထူးတန်း ကျပ် ၆၀၀၀၊ အိပ်ခန်းကျပ် ၈၀၀၀၊ မုံရွာ-ကလေးဝကို ရိုးရိုးတန်း ကျပ် ၅၀၀၀၊ အထူးတန်း ကျပ် ၇၀၀၀၊ အိပ်ခန်းကျပ် ၁၂၀၀၀၊ မုံရွာ-မော်လိုက် ကျပ် ၇၀၀၀၊ အထူးတန်း ကျပ် ၁၀၀၀၀၊ အိပ်ခန်းကျပ် ၁၅၀၀၀၊ မုံရွာ-ဖောင်းပြင် ရိုးရိုးတန်း ကျပ် ၈၀၀၀၊ အထူးတန်း ကျပ် ၁၃၀၀၀၊ အိပ်ခန်း ကျပ် ၁၈၀၀၀၊ မုံရွာ-သောင်သွပ် ရိုးရိုးတန်း ကျပ် ၉၀၀၀၊ အထူးတန်း ကျပ် ၁၅၀၀၀၊ အိပ်ခန်း ၂၀၀၀၀၊ မုံရွာ-ဟုမ္မလင်း ရိုးရိုးတန်း ကျပ် ၉၀၀၀၊ အထူးတန်း ကျပ် ၁၅၀၀၀၊ အိပ်ခန်း ကျပ် ၂၀၀၀၀ ဖြစ်ပြီး ကုန်တန်ချိန် တစ်တန်လျှင် ကျပ် ၂၅၀၀၀ ကျသင့်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှသိရသည်။ 

J-06


  • VIA