News

POST TYPE

LOCAL

ရန်ကုန်တိုင်းအစိုးရ၏ တိုက်ခန်းမဲပေါက်သူစာရင်း ဇူလိုင်လ ပထမအပတ်တွင် ကြေညာမည်
ရန်ကုန်၊ ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှရောင်းမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများ ဝယ်ယူခွင့်လျှောက်ထားသူများထဲမှ မဲပေါက်သူများ၏ အမည်စာရင်းများကို ဇူလိုင်လပထမအပတ်တွင် ကြေညာမည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာရောင်းချရေး ကော်မတီဝင်ဖြစ်သူ ဦးညီညီက ပြောကြားသည်။

အဆိုပါ မဲပေါက်သူများစာရင်းကို ခရိုင် ၄ ခရိုင်ခွဲ၍ ကြေညာမည်ဖြစ်ပြီး ခရိုင်ထွေအုပ်မှတစ်ဆင့် မြို့နယ်ထွေအုပ်သို့ ဆင့်ကဲဆင့်ကဲ အကြောင်းကြားသွားမည်ဖြစ်ရာ မဲပေါက်သူများစာရင်းကို သက်ဆိုင်ရာ မြို့နယ်ထွေအုပ်ရုံးများတွင် ကြေညာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဇွန်လ ၂၅ ရက်နေ့က မဲနှိုက်တာက ကျောင်းသားလေးတွေ နှိုက်တာပါ။ လတ်တလော မဲပေါက်တဲ့နာမည်စာရင်းတွေကို လက်ရေးတွေနဲ့ ရေးထည့်ထားတယ်။ အဲဒါတွေကို ခရိုင်အလိုက် ပြန်ခွဲထုတ်မယ်။ အဲဒါပြီးတာနဲ့ ခရိုင်ထွေအုပ်တွေခေါ်ပြီး အစည်းအဝေး လုပ်မယ်။ ပြီးတာနဲ့ ကြေညာပေးသွားမယ်”ဟု ဦးညီညီကဆိုသည်။

အဆိုပါ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဇွန်လ ၂၅ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ ဒုတိယထပ် နံနက် ၉ နာရီခွဲတွင် မဲနှိုက်ပေးခဲ့ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ တိုက်ခန်း ဝယ်ယူခွင့်ဖောင်များကို လာရောက်လျှောက်ထားသူ ခြောက်ထောင်ကျော် ရှိခဲ့ပြီး တိုင်းအစိုးရအဖွဲ့မှ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၈၆၂ ခန်းကို ရောင်းချမည်ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရရောင်းမည့် အိမ်ရာများသည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ ShopHouse များနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ဖြစ်သည်။

J-10