News

POST TYPE

LOCAL

ကချင်ဒေသစစ်ပွဲ ၇ နှစ်ပြည့် ဆုတောင်းပွဲဦးဆောင်သူကို ဒဏ်ငွေကျပ်တစ်သောင်းချမှတ်
13-Jun-2018
မြစ်ကြီးနား၊ ဇွန် ၁၂

ကချင်ဒေသ စစ်ပွဲ ၇ နှစ်ပြည့် ဆုတောင်းပွဲ ဦးဆောင်သူ ဦးယိန်းကျန်းကို မြစ်ကြီးနားမြို့နယ်တရားရုံးက ငြိမ်း၊ စု၊ စီ ပုဒ်မ ၂၀ အရ ဒဏ်ငွေကျပ်တစ်သောင်း ပေးဆောင်ရန် ဇွန်လ ၁၁ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း ယင်းအမှုကို ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။

ဇွန်လ ၉ ရက်က ပြုလုပ်သော ဆုတောင်းပွဲအစီအစဉ်တွင် ပါဝင်သည့် ပြဇာတ်ကို ခွင့်ပြုမိန့် ကြိုတင်မတောင်းခံခြင်းနှင့် အခမ်းအနားသတ်မှတ်အချိန်ထက် ကျော်လွန်ခဲ့သဖြင့် ဦးဆောင်သူကို မြစ်ကြီးနားမြို့နယ်ရဲမှူးမြင့်မိုးက ငြိမ်း၊ စု၊ စီ ပုဒ်မ ၂၀ ဖြင့် တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ဆုတောင်းပွဲကို တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများ ၎င်းတို့အရပ်ဒေသသို့ လုံခြုံစွာ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ဘေးရှောင် ပြည်သူများ စားဝတ်နေရေး အထောက်အပံ့ပိုမို ရရှိစေရေးနှင့် စိတ်ဓာတ်ခွန်အားကျဆင်းနေမှုကို ဘုရားရှင်ထံခွန်အားယူ ဝတ်ပြုဆုတောင်းခြင်းစသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပသူများထံမှ သိရသည်။ 

ဆုတောင်းပွဲတွင် ခရစ်ယာန်ဘုန်းတော်ကြီးများက ဦးဆောင်၍ တက်ရောက်လာသူများနှင့်အတူ ဝတ်ပြုဆုတောင်းခြင်း၊ ဓမ္မတေး သီချင်းဆိုခြင်း၊ ဒေသနာဟောကြားတို့ လုပ်ဆောင်ပြီး စစ်ရှောင်ပြည်သူများ၏ ဘဝတေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ စစ်ဘေးရှောင် ၇ နှစ်ပြည့် သဘောထားထုတ်ပြန် ချက်ဖတ်ကြားခြင်းနှင့် စစ်ရှောင်ပြည်သူများ၏ လိုအပ်ချက်များနှင့် စစ်ရှောင်ပြည်သူများလျော့ကျစေရန် တောင်းဆိုချက်များကို ပြောကြားခဲ့ပြီး တိုက်ပွဲရှောင်ပြည်သူများ၏ အနာဂတ်အတွက် စကားဝိုင်းအစီအစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ 

R-06


  • VIA