News

POST TYPE

LOCAL

ရာနှုန်းပြည့် ပညာသင်ဆုပေးမည့် ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စက်တင်ဘာတွင် ကျင်းပမည်
13-Jun-2018



မန္တလေး၊ ဇွန် ၁၂

ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ရေး ဘာသာရပ်အတွက် ရာနှုန်းပြည့် ပညာသင်ဆုပေးမည့် ဂျပန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

ဂျပန်ဘာသာ N-4 နှင့်အထက်ရှိသူများ ဝင်ရောက်ဖြေဆိုနိုင်ပြီး ဝင်ခွင့်အောင်မြင်ပါက ဂျပန်နိုင်ငံရှိ နီရှိခယူးရှုး တက္ကသိုလ်တွင် ပြုစုစောင့်ရှောက်ရေးပညာရှင် ဒီပလိုမာတန်း တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်၌ ခါခဲဟာရှိ ဂျပန်ဘာသာစကားသင်တန်း တည်ထောင်ထားသူ ဒေါ်ချောစုဝေက ပြောကြားသည်။ 

ပြုစုစောင့်ရှောက်ရေးဘာသာရပ်အတွက် ရာနှုန်းပြည့် အခမဲ့ပညာသင်ဆုဖြင့် ဂျပန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုများအတွက် နောက်ဆုံးစာရင်းပေးသွင်းရမည့်အချိန်ကို ဇူလိုင်လကုန်အဖြစ် သတ်မှတ်ထားပြီး စာမေးပွဲဝင်ခွင့် ဖြေဆိုရန် ကျပ်တစ်သိန်းပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဂျပန်နိုင်ငံတွင် အသက်အရွယ်ကြီးသူများ များပြားလာခြင်းကြောင့် ပြုစုစောင့်ရှောက်သူလူအင်အား မလုံလောက်သည့် အခက်အခဲနှင့် နေ့စဉ်ရင်ဆိုင်နေရကြောင်း၊ နောင်တွင်ပြုစုစောင့်ရှောက်သူ လူအင်အား လိုအပ်မှု ပိုမိုမြင့်တက်လာနိုင်သောကြောင့် ယခုကဲ့သို့ပညာသင်ဆု ချီးမြှင့်ရသည့် အစီအစဉ်ဖြစ်လာရကြောင်း ဂျပန်နိုင်ငံ ပြည်သူ့စောင့်ရှောက်မှု စင်တာတာဝန်ခံ ခတမိ (katami) က ပြောကြားသည်။ 

“နိုင်ငံခြားသားပညာရှင် လုပ်သားတွေမပါဘဲနဲ့ ပြုစုစောင့်ရှောက်ရေးစနစ်ကို ဆက်လက်ထိန်းသိမ်းဖို့ ခက်ခဲပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

ဘိုးဘွားရိပ်သာများတွင် တာဝန်ထမ်းဆောင်ရန်ဆန္ဒရှိပြီး သတ်မှတ်အရည်အချင်းဖြင့် ပြည့်စုံသူများသည် ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေး ပညာရပ်အား ၂ နှစ်တာ အခမဲ့သင်ယူစေပြီး အောင်လက်မှတ်ရရှိပါက ဂျပန်နိုင်ငံရှိ ဘိုးဘွားရိပ်သာများတွင် ၅ နှစ်တာ အလုပ်လုပ်ကိုင်နိုင်မည့် အစီအစဉ်ဖြစ်ကြောင်း မစ္စတာခတမိက ထပ်မံပြောကြားသည်။ 

“ဂျပန်နိုင်ငံမှာ အလုပ်ရဖို့ သေချာတယ်။ ဂျပန်နိုင်ငံသားများတန်းတူ လစာရမယ်”ဟု ၎င်းက ပြောဆိုသည်။ 

နိုင်ငံခြားသား သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးပညာရှင် ပျိုးထောင်ရေးအစီအစဉ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ထားသော စနစ်ဖြစ်ကြောင်းလည်း မစ္စတာခတမိက ရှင်းပြသည်။ 

“အကြောင်းကြောင်းအမျိုးမျိုးကြောင့် ပညာတော်ပြီး ဂျပန်နိုင်ငံကို မသွားနိုင်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ အစီအစဉ်ပါ”ဟု ဒေါ်ချောစုဝေက ပြောဆိုသည်။ 

ဂျပန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ခါခဲဟာရှိ ဂျပန်ဘာသာ စကားသင်တန်း (မန္တလေး) နှင့် Yamato အဆင့်မြင့် ဂျပန်ဘာသာစကား သင်တန်းကျောင်း (ရန်ကုန်) တို့တွင် စာရင်းပေးသွင်းနိုင်သည်။  

M-08

  • VIA