News

POST TYPE

LOCAL

စည်းကမ်းမဲ့ယာဉ်များကို ယာဉ်ထိန်းချုပ်ရေးစင်တာမှ အရေးမယူသေး
10-Jun-2018


ရန်ကုန်၊ ဇွန် ၉

ရန်ကုန်တိုင်းအစိုးရမှ တည်ဆောက်ထားသည့် ယာဉ်ထိန်းချုပ်ရေးစင်တာ Traffic Control Center မှာ ယနေ့အချိန်အထိ မြို့တွင်းသွားလာနေသည့် မော်တော်ယာဉ်များ၏ စည်းကမ်းဖောက်ဖျက်မှုအပေါ် အရေးမယူသေးကြောင်း Traffic Control Center ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 

“Control Center က တကယ်စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို အရေးယူမယ်ဆိုရင် ပြေးနေတဲ့ယာဉ်တွေ တစ်စီးမှတောင် ကျန်မှာမဟုတ်ဘူး။ အဓိက ပြည်သူတွေ စည်းကမ်းလိုက်နာမှု အရမ်းအားနည်းနေတယ်။ စအရေးယူတော့မယ်ဆိုတာ ပြည်သူတွေကို အသိပေးပြီးမှ လုပ်မှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ Control Center မှာ တည်ဆောက်မှုပြီးစီးသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း တိုင်းအစိုးရနှင့် ကုမ္ပဏီတို့မှာ ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများ ကျန်ရှိနေပြီး ရန်ကုန်မြို့အတွင်း စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကို အရေးယူနိုင်ရန်မှာလည်း ပြည်သူများကို အသိပညာပေးခြင်းနှင့် စတင်အရေးယူမည့်အချိန်ကို တရားဝင်ကြေညာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယာဉ်ကြောကျပ်တည်းမှု၊ ယာဉ်များ စည်းကမ်းတကျသွားလာမှုကို ခေတ်မီ မီးပွိုင့်စနစ်အသုံးပြု၍ စောင့်ကြည့်စစ်ဆေး အရေးယူရန် တရုတ်ကုမ္ပဏီနှင့်ပြည်တွင်း မြန်မာရွှေယင်းကုမ္ပဏီအနေနှင့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် ပြီးစီးချိန်၌ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များအားလုံး၏ စည်းကမ်းဖောက်ဖျက်မှုများကို ထိန်းချုပ်မည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

အဆိုပါစင်တာသည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၊ နက္ခတ်တာရာပြခန်းအနီးတွင် တည်ရှိသည်။

Traffic Control Center ကို ဝင်ရောက်လေ့လာမှုအရ မော်တော်ယာဉ်များ သွားလာမှုကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပြီး နည်းပညာပိုင်းအရ ကောင်းမွန်သော်လည်း လုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားခဲ့သည်။

J-06


  • VIA