News

POST TYPE

LOCAL

ကျိုက်ထီးရိုးဂေါပက ပြန်ရွေးမည်
05-Jun-2018
မော်လမြိုင်၊ ဇွန် ၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် ဂေါပကအဖွဲ့ဝင်များကို ယခုနှစ် တောင်ဖွင့်ပွဲ (သီတင်းကျွတ် လပြည့်နေ့) မတိုင်ခင် အပြီးသတ်ရွေးချယ်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

“အသစ်ပြန်ရွေးဖို့ ကြီးကြပ်ရေးကော်မတီလည်း ဖွဲ့ပြီးပြီ၊ အစိုးရအဖွဲ့လည်း အတည်ပြုပြီးပြီဆိုတော့ မြို့နယ်ကိုပြန်ချပြရမယ်၊ ဘယ်ရက်ကနေ ဘယ်ရက်အထိ ဂေါပကလုပ်ချင်တဲ့လူတွေ စာတင်ပါဆိုပြီး ကြေညာမယ်၊ အဲဒီမှာ ကြီးကြပ်ရေးက ပြန်စိစစ်မယ်၊ လူဟောင်းတွေလည်း ပြန်ရွေးခွင့်ရှိတယ်”ဟု ၎င်းက ဆိုသည်။ 

ကျိုက်ထီးရိုးဂေါပက ရွေးချယ်မှုကို မဲစနစ်ဖြစ် ရွေးချယ်မည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ရွေးချယ်မည်ဖြစ်ကြောင်း၊ ဂေါပကရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးကော်မတီကို လွန်ခဲ့သည့် ၁၅ ရက်ခန့်က အပြီးသတ် ရွေးချယ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။ 

ကျိုက်ထီးရိုးဂေါပက အသစ်ပြန်လည်ရွေးချယ်ရခြင်းမှာ လက်ရှိဂေါပကအဖွဲ့မှာ ယာယီသာဖြစ်နေခြင်း၊ ဂေါပက ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်း ထွက်ရှိလာသဖြင့် အသစ်ပြန် ရွေးချယ်ရခြင်းဖြစ်ကြောင်း ဂေါပက အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်ဆောင်က ပြောသည်။ 

ယခင် ယာယီအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးကို ဂေါပက အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသော်လည်း အသစ်ပြန်ရွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးလုံး ပါဝင်မည်မဟုတ်ဘဲ နာယကအနေနှင့် ပါဝင်မည်ဖြစ်ကြောင်း၊ ကျိုက်ထီးရိုး ဂေါပကအဖွဲ့တွင် ပါဝင်လိုသူများသည် ကြီးကြပ်ရေးကော်မတီမှ ရွေးချယ်နိုင်ရန် ရက်ပေါင်း ၃၀ အတွင်း အမည်စာရင်းတင်သွင်းနိုင်ပြီး အများပြည်သူများ သိရှိရန် ကြေညာမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။ 

ကျိုက်ထီးရိုး ဂေါပကအဖွဲ့ (ယာယီ) ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ခန့်အပ်ခဲ့ပြီး ဂေါပကအဖွဲ့ဝင် ၁၅ ဦး ဖြင့် ယာယီဖွဲ့စည်းလိုက်ကြောင်း၊ အဖွဲ့ဝင် ၁၅ ဦးအနက် ၄ ဦးကို မွန်ပြည်နယ်အစိုးရက ရွေးချယ်ပေးထားသည်။ 

ကျိုက်ထီးရိုးဂေါပက (ယာယီ) သက်တမ်း ၂ နှစ်အတွင်း ကျိုက်ထီးရိုးဘုရား ရန်ပုံငွေမှာ ကျပ် ၇ ဘီလီယံအထိဖြစ်လာကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ကျိုက်ထီးရိုး ယခင်ဂေါပကအဖွဲ့ဟောင်းမှ ယာယီဂေါပကအဖွဲ့သို့ လွှဲအပ်စဉ်တွင် ရန်ပုံငွေမှာ ကျပ် ၁ ဒသမ ၅ ဘီလီယံသာရှိကြောင်း ဂေါပက အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်ဆောင်က ပြောသည်။ 

R-21


  • VIA