News

POST TYPE

LOCAL

လေဆိပ်ဘတ်စ်ကားမှတ်တိုင်တည်ဆောက်မှု ဇွန်လအတွင်း ပြီးစီးမည်
31-May-2018
ရန်ကုန်၊ မေ ၃၀

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆူးလေ တိုက်ရိုက်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းအတွက် အဆိုပါလေဆိပ်က တည်ဆောက်နေသည့် ဘတ်စ်ကားမှတ်တိုင်နှစ်ခုမှာ ဇွန်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“Bus Stop နှစ်ခုမှာ Terminal-1 က အခုအချောသတ်နေပါပြီ။ အမိုးလုပ်ပြီးရင် ပြီးပါပြီ။ Terminal-3 က အခုမှ စလုပ်နေတာ။ ကွန်ကရစ်ခင်းနေတယ်။ နောက်လထဲမှာတော့ တည်ဆောက်တာ အကုန်ပြီးမှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်ရှိ ခရီးသည်များ သက်သောင့်သက်သာ စောင့်ဆိုင်းနိုင်မည့် ဘတ်စ်ကားမှတ်တိုင်ကို တည်ဆောက်နေပြီး လက်ရှိ မှတ်တိုင်နှစ်ခုစလုံးအတွက် ကားရပ်နေရာ သတ်မှတ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ယာဉ်လိုင်းကုမ္ပဏီက စပြေးမယ်ဆိုရင် ပြေးလို့ရပါတယ်။ မှတ်တိုင်နေရာ သတ်မှတ်ထားပြီးသားဆိုတော့ နေရာရှိတယ်လေ။ ကားရပ်လို့ရတယ်။ အမိုးအကာတွေကိုလည်း မြန်မြန်နဲ့ကောင်းအောင် လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါယာဉ်လိုင်းခရီးစဉ်ကို မေလကုန် ပြေးဆွဲရန် လျာထားသော်လည်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက bus stop နှစ်ခု တည်ဆောက်ပြီးစီးမှု အခြေအနေကို စောင့်ဆိုင်းနေပြီး စတင်ပြေးဆွဲမည့်ရက်ကို အတိအကျသတ်မှတ်နိုင်ရန် လေကြောင်းတာဝန်ရှိသူနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။

“လေဆိပ်က ပြေးလို့ရပြီဆိုရင် ပြေးမှာပါ။ ယာဉ်တွေအားလုံးက အဆင်သင့်ဖြစ်နေပါပြီ။ ကုမ္ပဏီကလည်း အားလုံးအဆင်သင့်ဖြစ်မှ ပြေးချင်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါခရီးစဉ် စတင်ပြေးဆွဲမည့်ရက်ကို ကုမ္ပဏီက သတ်မှတ်ရမည်ဖြစ်ပြီး လက်ရှိတွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ဆဲဖြစ်၍ ခရီးသည်တစ်ဦး၏ ယာဉ်စီးခကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်လိုင်းကို ယာဉ်စီးရေ ၅၀ ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်မှာ ရန်ကုန်လေဆိပ်-၈မိုင်-ကိုးမိုင်အိုရှင်း-နဝဒေး-ကမ္ဘာအေးဘုရားလမ်း-အင်းလျားလိပ်ဟိုတယ်-မြန်မာပလာဇာ-ရွှေဂုံတိုင် (excel)-တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)-ဆူးလေ-ရန်ကုန်ဘူတာကြီးတို့ဖြစ်သည်။

J-06


  • VIA