News

POST TYPE

LOCAL

တိုက်ခန်းကို မီးရှို့မည်ဟု ခြိမ်းခြောက်သည့် အမျိုးသမီးကို အမှုဖွင့်
22-May-2018

ရန်ကုန်၊ မေ ၂၁

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းရှိ တိုက်ခန်းကို မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော ၂၇ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီး ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

မန္တလေးတိုင်း အမရပူရမြို့နယ်တွင် နေထိုင်သော မသန္တာလှိုင်က မေလ ၂၀ ရက် နံနက်ပိုင်းက ယင်းတိုက်ခန်းတွင် နေသူ အသက် ၄၂ နှစ်အရွယ် ဦးဘုန်းမင်းရှိန်နှင့် တွေ့ဆုံရန် ရောက်ရှိလာရာ တွေ့ခွင့်မရသဖြင့် နေအိမ်ထဲရှိ ဗီရိုများ၊ မှန်များကိုဖျက်ဆီးပြီး ဝင်ရောက် ဟန့်တားသူများကို ဓားဖြင့်ထိုးမည်ဟု ရန်ပြုခဲ့ကြောင်း၊ ယင်းနောက် မီးဖိုခန်းရှိ ဂက်စ်မီးဖိုကိုယူပြီး ဂက်စ်မီးခြစ်ဖြင့် မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကိုယ်ရေးကိုယ်တာ တွေ့ဆုံရှင်းဖို့ ရှိတယ်ဆိုပြီး ရောက်လာတာ။ သူတွေ့ချင်တဲ့သူက အခန်းပိုင်ရှင်ရဲ ယောက်ဖ၊ သူတွေ့ချင်တဲ့သူကို မတွေ့ရတဲ့အတွက် မီးနဲ့ရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာ။ တကယ်ရှို့တာတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ ရောက်သွားတော့ သူတွေ့ချင်တဲ့သူနဲ့ တွေ့ခွင့်ပေးပါ့မယ်ဆိုပြီး ဝိုင်းစည်းရုံးခဲ့ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 

ရဲတပ်ဖွဲ့ဝင်များက စည်းရုံးပြောဆိုပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် တိုက်ခန်းပိုင်ရှင် အသက် ၅၂ နှစ်အရွယ် အမျိုးသားက အမှုဖွင့်တိုင်ကြားသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၄၃၆/၅၁၁/၄၂၇ ဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

J-16

  • VIA