News

POST TYPE

LOCAL

ကျပ်သိန်းတစ်သောင်းအထက် ချီးမြှင့်မည့် ကျပ်တစ်ထောင်တန်ထီ အောက်တိုဘာတွင် စရောင်းမည်
22-May-2018



ရန်ကုန်၊ မေ ၂၁

ဆုကြေး ကျပ်သိန်းတစ်သောင်းအထက် ချီးမြှင့်မည့် ကျပ်တစ်ထောင်တန် အောင်ဘာလေထီကို အောက်တိုဘာလတွင် စတင်ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

လက်ရှိတွင် ကျပ်တစ်ထောင်တန် ထီရောင်းချနိုင်ရန် အစိုးရသို့ တင်ပြထားပြီး ခွင့်ပြုမိန့်ကျပြီးပါက အက္ခရာသုံးလုံးကို ဝါဇီစက်ရုံတွင် စတင်ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျပ် ၅၀၀ တန်ရော၊ ကျပ်တစ်ထောင်တန်ရော ရောင်းမယ်။ ကျပ်သိန်းတစ်သောင်းဆိုလည်း ဆက်ပေးသွားမယ်။ ကျပ်တစ်ထောင်တန်အတွက် ဆုကြေးတိုးမယ်။ တိုးမယ့်ဆုကြေးဟာ ရောင်းအားပေါ်မှာ ကြည့်ရမှာဖြစ်တဲ့အတွက် အဲဒီအချိန်မှပဲ ထုတ်ပြန်ပေးမှာပါ”ဟု ၎င်းက ဆိုသည်။

ဈေးကွက်အတွင်း ထီဈေးမြှင့်တင်ရောင်းချမှုကို လျှော့ချနိုင်ရန်အတွက် ကျပ် ၅၀၀ တန် ထီနှင့်အတူ ကျပ် ၁၀၀၀ တန် ထီကိုပါ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပြီး ကျပ်တစ်ထောင်တန် ထီထွက်လာပါက လက်ပွေ့ရောင်းချသူများမှာ ပို၍တွက်ခြေကိုက်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။ 

ကျပ်တစ်ထောင်တန်ထီ ထွက်ရှိလျှင် ဆုကြေးများမှသာ ဝယ်ယူသူများက စိတ်ဝင်စားမည်ဖြစ်ကြောင်း၊ လက်ရှိ ကျပ် ၅၀၀ တန်ထီ ဈေးတင်ရောင်းချမှုကို မကိုင်တွယ်နိုင်လျှင် ကျပ်တစ်ထောင်တန်ထီဆိုပါက ပို၍ဈေးတက်လာမည်ဖြစ်သောကြောင့် အခြေခံလူတန်းစားများမှာ ထီထိုးရန် ပို၍ခက်ခဲလာမည်ဖြစ်ကြောင်း ထီဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

“အပြင်မှာ ဈေးတက်ရတဲ့အကြောင်း က နံပါတ်လှတွေလိုချင်ရင်ဖြစ်ဖြစ် အရန် ထီမဟုတ်ဘဲ အက္ခရာတစ်လုံးတည်းဆို ရင် ထီကိုယ်စားလှယ်ကြီးတွေက ရတယ်။ လူတွေကလည်း ရွေးစရာများမှ ထိုးမှာ ဖြစ်တဲ့အတွက် ထီကိုယ်စားလှယ်ကြီးတွေ ဆီက တစ်ဆင့်ပြန်ဝယ်ရတယ်။ ဒါကြောင့် ဈေးတက်နေတာ”ဟု ၎င်းကဆိုသည်။

လက်ရှိရောင်းချနေသည့် ကျပ် ၅၀၀ တန်ထီတွင် ဆုကြီးများအဖြစ် ကျပ်သိန်းတစ်သောင်း၊ ကျပ်သိန်းငါးထောင်၊ ကျပ်သိန်းသုံးထောင်၊ ကျပ်သိန်းတစ်ထောင်တို့ကို ပေးလျက်ရှိပြီး ထပ်မံထုတ်လုပ်မည့် ကျပ်တစ်ထောင်တန်ထီတွင် ထီဆုကြီး နှုန်းထားများတိုးမြှင့်၍ အပြောင်းအလဲ ဖြစ်လာမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

“တစ်ထောင်တန်ထီ ထွက်လာတော့မယ်ဆိုရင် ဆုကြေးမြှင့်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ထီဈေးက အစိုးရသတ်မှတ်တဲ့ဟာထက် ပိုရောင်းမယ်ဆိုရင် ထိုးရတာ အဆင်မပြေဘူး။ ဆုကြေးကိုလည်း တခြားနိုင်ငံတွေလိုမျိုး ထိုက်ထိုက်တန်တန် ပေးတာမျိုး ဖြစ်စေချင်တယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်မှ လစဉ်ထီထိုးလေ့ရှိသူ ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးက ပြောဆိုသည်။

ကျပ် ၅၀၀ တန်ထီကို ၂၀၁၇ ခုနှစ် မတ်လတွင် စတင်ရောင်းချခဲ့ပြီး ဘဏ္ဍာနှစ် တစ်နှစ်ကျော်အတွင်း အစိုးရက အခွန်အဖြစ် ကျပ်ဘီလီယံ ၁၀၀ ရရှိခဲ့ကြောင်း၊ တစ်လထက်တစ်လ ထီထိုးနှုန်းများ တိုးလာသည့်အရေအတွက်က ပိုများသည့်အတွက် အစိုးရက အခွန်ငွေများပိုရပြီး ဆုကြေးငွေများ တိုးမြှင့်ချီးမြှင့်ခဲ့ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

ထီကိုယ်စားလှယ်များအနေနှင့် ကျပ်တစ်ထောင်ထီ ဝယ်ယူပါကလည်း ကျပ် ၅၀၀ တန်ထီကဲ့သို့ စပေါ်ငွေများ တင်ရမည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ စာချုပ်စည်းကမ်းများ ဖောက်ဖျက်ပါက စပေါ်ငွေအသိမ်းခံရမည်ဖြစ်ပြီး အရေးယူခံရမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ကျပ်တစ်ထောင်တန်ထီ ထွက်ပြီးပါက အီလက်ထရွန်နစ်ထီစနစ် ဆက်လက်အကောင်အထည်ဖော်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ထားပြီး ခွင့်ပြုမိန့်ကျလျှင် တတိယအဖွဲ့အစည်းများ ငှားရမ်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းထီစနစ် အကောင်အထည်ဖော်နိုင်ရန် နိုင်ငံခြားကုမ္ပဏီများက လာရောက်ကမ်းလှမ်းထားခြင်းများ ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

J-13

  • VIA