News

POST TYPE

LOCAL

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှ သရုပ်ဆောင်ကျော်ကျော်မျိုးကို မြင်းစီးလေ့ကျင့်ပေးရန် စီစဉ်
16-May-2018
ရန်ကုန်၊ မေ ၁၅

၂၀၂၀ ခုနှစ်တွင် ရုံတင်မည့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရာတွင် ဇာတ်ဝင်ခန်းအဖြစ် ထည့်ရိုက်ရန် သရုပ်ဆောင်ကျော်ကျော်မျိုးကို ဇေကမ္ဘာဦးခင်ရွှေ ဝယ်ယူထားသော နိုင်ငံခြားမြင်းတစ်ကောင်ဖြင့် မြင်းစီးလေ့ကျင့်ပေးရန် စီစဉ်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပြောကြားသည်။

“ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ဝင်ခန်းမှာ ပုံသဏ္ဌာန်တူတဲ့ မြင်းညိုကို ရှာတဲ့အခါမှာ ဒေါက်တာခင်ရွှေကို အကူအညီတောင်းတာပေါ့နော်။ ဦးခင်ရွှေဝယ်ထားတဲ့ မြင်းငါးကောင်ထဲက အတူဆုံးတစ်ကောင်ရွေးပြီးတော့ မြင်းစီးတတ်အောင် ကျော်ကျော်မျိုးကို သင်ဖို့စကြိုးစားနေတာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ မြင်းစီးသင်တန်းကို ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ပိုင် မြင်းစီးကွင်း၌ လေ့ကျင့်သင်ကြားပေးရန် စီစဉ်နေခြင်းဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် ၎င်းမိသားစု နေထိုင်နိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ အခန်းစီစဉ်ပေးထားပြီး ဇာတ်ရုပ်အတွက် လိုအပ်သော အင်္ဂလိပ်စာ၊ ဂျပန်စာတို့ကို ယခုမေလမှစ၍ သင်တန်းဆရာများဖြင့် သင်ကြားပေးလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ စုံစမ်းသိရသည်။

“ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် နဂိုရည်မှန်းတာ သိန်းတစ်သောင်းငါးထောင်နဲ့ ရိုက်ဖို့ ရည်မှန်းထားတာလေ။ လောလောဆယ်အထိ အလှူငွေစုစုပေါင်း သိန်းသောင်းတစ်ထောင်ကျော်သွားပြီ။ လိုတဲ့ငွေကိုလည်း ပြည်သူတွေဆီက ထပ်ရနိုင်ဖို့ မျှော်လင့်ထားတာပေါ့နော်” ဟု အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ထပ်မံပြောကြားသည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးအတွက် ဇာတ်ညွှန်းပြင်ဆင်မှုကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ယခုနှစ် ဇူလိုင်လတွင် အပြီးသတ်ရေးမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း ဇာတ်ကားရိုက်ကူး အထောက်အကူပြု အသုံးအဆောင်ပစ္စည်းများကို အပြည့်အစုံ ရှာဖွေစုဆောင်းမည်ဖြစ်ကာ ၂၀၁၉ ခုနှစ် အတွင်း အပြီးသတ်ရိုက်ကူး၍ ၂၀၂၀ ခုနှစ်၌ ရုံတင်ပြသသွားနိုင်ရန် လုပ်ငန်းအဆင့်ဆင့် စီစဉ်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန် သမိုင်းအထောက်အထား လွဲမှားမှုမရှိစေရန် ကြီးကြပ်ဆောင်ရွက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ဥက္ကဋ္ဌတာဝန်ယူကာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအပါအဝင် အနုပညာအသိုင်းအဝိုင်းမှ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဦးဇင်ဝိုင်းနှင့် ဦးလူမင်းတို့ဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် ဖွဲ့စည်းထားသည်။

J-17