News

POST TYPE

LOCAL

သီလဝါဆိပ်ကမ်းဖြစ်စဉ်တွင် ပါဝင်သူများကို ဆက်လက် ဖမ်းဆီးမည်
13-May-2018

ရန်ကုန်၊ မေ ၁၃

သီလဝါဆိပ်ကမ်းတွင် ရဲဝန်ထမ်းများနှင့် တောင်သူများ ရုန်းရင်းဆန်ခက် ဖြစ်ပွားမှုတွင် ပါဝင်သူများကို ဆက်လက် ဖမ်းဆီးမည်ဖြစ်ကြောင်း သီလဝါရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

“မနေ့ကဖြစ်စဉ်မှာ သုံးယောက်ကို ဖမ်းဆီးထားတယ်။ ပထမက ပုဒ်မ ၃၃၃ နဲ့ အမှုဖွင့်ထားတယ်။ အခု ဒဏ်ရာရထားတဲ့သူတွေလည်းရှိတော့ အာမခံလေး ပေးမှာပါ။ ပုဒ်မ ၃၃၂ နဲ့ ပြန်ပြောင်းဖွင့်ထားတယ်။ ဒီဖြစ်စဉ်မှာပါတဲ့သူတွေက ပြေးစရာလည်းမလိုဘူး။ သူတို့ကို ဘာမှမလုပ်ဘူး။ ဟန့်တားနှောင့်ယှက်သူ အမှုရင်ဆိုင်ရမယ်၊ ဥပဒေကြောင်းအရ အရေးယူမယ်”ဟု ၎င်းကဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူသုံးဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှုပုဒ်မ ၃၃၂ ဖြင့် သီလဝါရဲစခန်းမှ ရဲမှူးက တရားလိုလုပ်ကာ အမှုဖွင့်ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ဒေသခံ အယောက် ၅၀ သည် လယ်ကွက် အမှတ် ၁၂/၁၃ တွင်ပိတ်မိနေ၍ အစားသောက်ပေးရန် အခက်အခဲရှိနေကြောင်း ဦးစန္ဒာဝရက ပြောကြားသည်။

“မနေ့က ဖြစ်တဲ့နေရာမှ လူ ၇၀ လောက် ပိတ်မိနေတယ်။ အစားအသောက် ပို့လို့မရဘူးဖြစ်နေတယ်။ လယ်သမားခေါင်းဆောင် နှစ်ယောက်က ရော်ဘာကျည် ထိတာ၊ တစ်ယောက်က ဒူးခေါင်းထဲ ဝင်သွားတာ၊ ခုထိ ခွဲစိတ်နေရတုန်း၊ ကျန်တဲ့လယ်သမား ၆ ယောက်လောက်ဖမ်းမှာစိုးလို့ ရှောင်နေရတယ်”ဟု ၎င်းက မိန့် ကြားသည်။

ကျောက်တန်းမြို့သီလဝါဆိပ်ကမ်းအနီး မြေဧက ၁၀၀ တွင် ဦးပိုင်ကုမ္ပဏီမှ အင်အားသုံး သိမ်းယူရန်ပြုလုပ်နေစဉ် ဒေသခံ မြေပိုင်ရှင်များနှင့် ကုမ္ပဏီမှ အလုပ်သမားများ ထိပ်တိုက်တွေ့ဆုံ၍ မေလ ၁၂ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်တွင် ရဲအင်အား ၁၀၀ ဝန်းကျင် အပါအဝင် အရပ်ဝတ် လူအင်အား ၁၀၀ ခန့်က ပါဝင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

သီလဝါ ဆိပ်ကမ်းစီမံကိန်းအတွင်း လယ်မြေအကွက် ၁၂ /၁၃ ကိုဦးပိုင်ကုမ္ပဏီလီမိတက်က တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်မြစ်အတွင်း သဲတင်ရာမှ မြေကွက်နေထိုင်သူများက တားဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးတွင် တိုင်း ခရိုင် မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ဝင်များသည် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် တောင်သူများနှင့် မေလ ၁၄ ရက်တွင် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

“ကျွန်မတို့ မနက်ဖြန်ကို ရန်ကုန် တိုင်းဝန်ကြီးချုပ်ရယ်၊ မြေယာ အငြင်းပွားမှုဖြစ်တဲ့တောင်သူရယ် ညှိဖို့လုပ်ထားပါတယ်။ ဆေးရုံမှာ ကျည်ထိတဲ့နှစ်ယောက်မှာ တစ်ယောက်က ခွဲစိတ်ရင်း ကျန်ခဲ့တယ်၊ အခု ထပ်ခွဲစိတ်တာတော့ အဆင်ပြေသွားပြီး။ ကျွန်မ ဆေးရုံရောက်နေတယ်။ အခု လောလောဆယ် လယ်ကွက် ၁၂ မှာ ပိတ်မိတဲ့တောင်သူ ၅၀ ကို ထမင်းထုပ်ပို့နေတယ်”ဟု ၎င်းကဆိုသည်။

အခင်းဖြစ်ပွားရာ မြေနေရာသည် ၁၉၉၆ ဝန်းကျင်ကတည်းက သိမ်းဆည်းခံထားရပြီး မည်သည့်စီမံကိန်းမျှ အကောင်အထည် မဖော်သေး၍ အိမ်ထောင်စု ၇၀ နေထိုင်ပြီး တောင်သူသုံးဦးက လာရောက်စိုက်ပျိုးခြင်း၊ ရေလုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်သည်။

J-18