News

POST TYPE

LOCAL

စစ်တောင်းမြစ်ကမ်းပါးပြို၍ ပြောင်းရွှေ့သူများကို နေရာချပေးရန် တိုင်းအစိုးရစီစဉ်
30-Apr-2018

တောင်ငူ၊ ဧပြီ ၂၉

ပဲခူးတိုင်း သနပ်ပင်နှင့် ကဝမြို့နယ်များရှိ စစ်တောင်းမြစ်ကမ်းပါး ပြိုကျပျက်စီးမှုကြောင့် ရွှေ့ပြောင်း နေထိုင်နေရသူများကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းညှိနှိုင်းပြီး မြေနေရာချထားပေးရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။

“လတ်တလောမှာ နေအိမ်တွေ အမှန်တကယ် ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုတွေကို စာရင်းကောက်ယူပြီး ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေပါတယ်။ နေရာချထားမယ့် မြေနေရာတွေ အတွက်ကိုတော့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက လုပ်ဆောင်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီသွားပါမယ်”ဟု အဆိုပါ အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောဆိုသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းမှ စတင်၍ သနပ်ပင်နှင့် ကဝမြို့နယ်များမှ ကျေးရွာ ၅၀ ကျော်ခန့်သည် မြစ်ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်ခြေများ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရပြီး အချို့ကျေးရွာများတွင် ရွာလုံးကျွတ်နီးပါး ရွှေ့ပြောင်းနေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လခန့်ကတည်းက ကဝမြို့နယ် ကန်တော်ကျေးရွာရှိ စစ်တောင်းမြစ်ကမ်းပါးနှင့် နီးကပ်သည့် လူနေအိမ် အလုံး ၃၀ ခန့် ကမ်းပါးပြို၍ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး အများစုမှာ မြေနေရာမဝယ်နိုင်သည့်အတွက် နီးစပ်ရာလယ်ကွက်များတွင် ယာယီတဲများဖြင့် နေထိုင်နေရကြောင်း ကန်တော်ကျေးရွာဒေသခံ ဒေါ်ဌေးဌေးက ပြောကြားသည်။

ပဲခူးတိုင်းအရှေ့ မုတ္တမပင်လယ်ကွေ့နားရှိ ကျေးရွာ ၆ ရွာမှအိမ်များ စစ်တောင်းမြစ်ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့ရသူများကို မတ်လ ၁ ရက်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်နှင့် အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သော်လည်း ကျေးရွာတိုင်း မရရှိကြောင်း ဒေသခံများက ဆိုသည်။

R-15


  • VIA