News

POST TYPE

LOCAL

ပြည်သူလူထု၏ အခက်အခဲကြောင့် ရွှေဝါရောင် တော်လှန်ရေး ပေါ်ပေါက်ခဲ့ရဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈ 

ယခင်တပ်မတော် အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးမှာ ရွှေဝါရောင် တော်လှန်ရေးသည် ပြည်သူလူထု ဘဝအခက်အခဲ၊ တိုင်းပြည်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ရဟန်းသံဃာတော်များကြောင့် ပေါ်ပေါက်လာရခြင်း မဟုတ်ကြောင်း ရွှေဝါရောင် ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သည့် ဦးအဂ္ဂရာဇာက မိန့်ကြားသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်တွင် ကျင်းပသော ရွှေဝါရောင် တော်လှန်ရေး (၉) နှစ် ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ယင်းကဲ့သို့ မိန့်ကြားလိုက်ခြင်း ဖြစ်သည်။

“မြတ်စွာဘုရားရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆန့်ကျင်ပြီးတော့ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကြား၊ ပြည်သူအချင်းချင်းကြား၊ ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ စိတ်ဝမ်းကွဲပြားအောင် မဟုတ်မမှန် သွေးထိုးလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်၊ ဒီအဖွဲ့စည်းတွေကို ဒီနေ့၊ ဒီနေရာကနေ ရှုတ်ချပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ဒီမိုကရေစီ အစိုးရလက်ထက်ထိ တိုင်အောင်ပင် ဘာသာရေး၊ လူမျိုးရေးတို့ကို ခုတုံးလုပ်၍ နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရွှေဝါရောင်သံဃာတော်များ အနေနှင့် ပြည်သူတို့၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ပါဝင် ကူညီဆောင်ရွက်သွားမည် ဖြစ်ရာ မြတ်စွာဘုရား၏ ငြိမ်းချမ်းရေး လမ်းစဉ်အတိုင်း သံဃာတော်များမှ ရှေ့ဆောင်လမ်းပြ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရွှေဝါရောင် တော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက် ကိုးကား၍ ဆရာတော် ဦးအဂ္ဂက ဆိုသည်။ 

ဆရာတော် ဦးအဂ္ဂမှ “ပြည်သူလူထုအပေါ်မှာ စောင့်ရှောက်ပေးရန် သံဃာတော်တွေမှာ တာဝါရှိတယ်၊ ၂ဝဝ၇ ခုနှစ်က ပြည်သူတွေမှာ ကုန်ဈေးနှုန်းကြီးတဲ့ ဒဏ်ခံစားနေရလို့ ဒုက္ခရောက်နေတဲ့အတွက် သံဃာတော်တွေမှာ တာဝန်ရှိတဲ့အတိုင်း မေတ္တာပို့စောင့် ရှောက်တာကို အာဏာရှင် အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့တာ အခုဆိုရင် ကိုးနှစ်ပြည့်ပါပြီ။ ရွှေဝါရောင် ဆရာတော်တွေ အနေနဲ့ ၂ဝဝ၇ ခုနှစ်က တောင်းဆိုချက်ထဲပါတဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးကို ဖော်ဆောင်ပေးဖို့ ပြည်သူ့အစိုးရကို တိုက်တွန်းလိုပါတယ်” ဟု ဆိုသည်။

ယင်းအခမ်းအနားသို့ ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူအဖွဲ့အစည်း အပါအဝင် နိုင်ငံရေးနှင့် လူမှုရေး အဖွဲ့အစည်းများ၊ အခြားဘာသာများ ဖြစ်သည့် ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာများမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး လူသားအချင်းချင်း အတူတကွ ပေါင်းစည်းနေထိုင်နိုင်ရန် ကျမ်းစာများ၌ ပြဋ္ဌာန်းထားကြောင်း ၎င်းတို့ဘာသာများ၏ ပြဋ္ဌာန်းချက်များကို ကိုးကားပြီး ဟောပြောခဲ့ကြသည်။