News

POST TYPE

LOCAL

ဆေးရုံတာဝန်ကျဆရာဝန်ကို အမွှေးရည်ဖြင့်ပက်သူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်
01-Apr-2018
တောင်ငူ၊ မတ် ၃၁

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၃၀ ရက် နေ့ညပိုင်းက ညပိုင်း တာဝန်ထမ်းဆောင်နေသည့် တာဝန်ကျ အမျိုးသမီးဆရာဝန်တစ်ဦးကို မွှေးကြိုင်သည့်အရည်များဖြင့် ပက်ဖျန်းခဲ့သူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်လှစ်လိုက်ကြောင်း တောင်ငူမြို့မရဲစခန်းထံမှ သိရသည်။

တောင်ငူမြို့တွင် နေထိုင်သည့် ဆရာဝန် (၂၆ နှစ်) သည် ညပိုင်းတာဝန် ထမ်းဆောင်ရန် တောင်ငူမြို့နယ် ခရိုင်ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်အနီးရှိ လမ်းပေါ်သို့ရောက်ရှိချိန်တွင် အမည်မသိ အမျိုးသားတစ်ဦးက လက်အတွင်း အသင့်ကိုင်ဆောင်ထားသည့် ပုလင်းတစ်ခုအတွင်းမှ မွှေးကြိုင်သည့်အရည်များဖြင့် ပက်ဖျန်းခဲ့သဖြင့် ဆရာဝန်က ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားရာ အမွှေးရည်ဖြင့်ပက်ဖျန်းခဲ့သူ အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာနေ ဦးထိန်ဝင်းနိုင် (၄၁ နှစ်) ဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

“ထိန်ဝင်းနိုင်က စိတ်ကျန်းမာရေး မကောင်းတာကြာပြီ။ ဟိုတစ်လောက သူ့အမေဆေးရုံတက်တော့ ဆေးရုံကို လိုက်သွားဖူးပြီး တာဝန်ကျဆရာဝန်မကို သဘောကျတယ်လို့ ယူဆရတယ်။ အဲဒီနေ့ကလည်း သူနာပြုကျောင်းမှာ ကျောင်းသြင်္ကန်ရှိတော့ ရေပက်နေကြတာ သူ တွေ့ပုံရတယ်”ဟု ဝါးတီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်သောင်းက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး တာဝန်ကျဆရာဝန်ကို နှောင့်ယှက်သည့် ထိန်ဝင်းနိုင်ဆိုသူကို တောင်ငူမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၅၄ နှင့် ၁၈၆ တို့ဖြင့် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15


  • VIA