News

POST TYPE

LOCAL

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းဂူဗိမာန် မွမ်းမံပြင်ဆင်ရန်စီစဉ်
28-Mar-2018

မန္တလေး၊ မတ် ၂၇

အမရပူရမြို့နယ် တောင်လေးလုံး ကျောင်းတိုက်အနီးတွင်ရှိသော သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ ဂူဗိမာန် ရေရှည်တည်တံ့ရေးအတွက် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန်စီစဉ်ထားကြောင်း ဂန္ထဝင်တောင်လေးလုံးချစ်သူများအဖွဲ့ထံမှ သိရသည်။

“ဆရာကြီးရဲ့ ဂူဗိမာန်အနီးမှာ မြေပြိုမှုတွေရှိနေတဲ့အတွက် ကျောက်သားနံရံ တည်ဆောက်တာတွေရှိမယ်။ နောက်ပြီး ဂူဗိမာန်နဲ့ပတ်သက်ပြီး ပြင်ဆင်မွမ်းမံစရာရှိတာတွေ လုပ်မယ်”ဟု ယင်းအဖွဲ့မှ စာရေးဆရာနောင်ရူပက ပြောကြားသည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ ၉၅ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အခမ်းအနားကို ဧပြီလ ၆ ရက်နေ့ နံနက်တွင် အဆိုပါဂူဗိမာန်၌ ကျင်းပမည်ဖြစ်ပြီး စာတမ်းဖတ်ခြင်း၊ အမှတ်တရ ဓာတ်ပုံများပြသခြင်း၊ ဒေါက်တာသန်းထွန်း၏ အသုံးအဆောင်ပစ္စည်းများ၊ လက်ရေးမူနှင့် ရေးသားခဲ့သော စာအုပ်များပြသခြင်းတို့ပြုလုပ်ရန် ဂန္ထဝင်တောင်လေးလုံးချစ်သူများအဖွဲ့က စီစဉ်ထားသည်။ 

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းသည် ၁၉၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မန္တလေးတက္ကသိုလ် သမိုင်းဌာန၌ ကွယ်လွန်ခဲ့ရာ ၎င်း၏ ရုပ်ကလာပ်ကို အမရပူရမြို့ လင်ဇင်းကုန်းသုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်။  
 
M-01

  • VIA