News

POST TYPE

LOCAL

ဧပြီလထွက်မည့် ထီဆုမဲတွင် ကျပ်သိန်း ၅၀၀ ဆု နှစ်ခုလျှော့ထား
26-Mar-2018


ရန်ကုန်၊ မတ် ၂၆

ဧပြီလ ၁ ရက်နေ့တွင်ထွက်မည့် အောင်ဘာလေ ထီဆုမဲများတွင် ကျပ် သိန်း ၅၀၀ ဆု နှစ်ခုကို လျှော့ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနလက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ သိရသည်။

ကျပ်သိန်း ၅၀၀ ကို လျှော့ထားသော်လည်း ကျပ်တစ်သိန်းဆုကို ဆုအရေအတွက် ၁၀၀၀ နီးပါးတိုးပေးရန် ဆောင်ရွက်ထားကြောင်း၊ ကျန်ဆုများမှာ ပုံမှန်အတိုင်း ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

“ဆုမဲက ပုံမှန်အားဖြင့် ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ပေးတာဖြစ်ပြီး ၄၀ ရာခိုင်နှုန်းက အစိုးရကိုအပ်တာပါ။ ဒါပေမဲ့ ဒီ ၆၀ ရာခိုင်နှုန်းကနေ ဆုမဲအတိုး အလျှော့ကတော့ ရောင်းအားပေါ်မူတည်ပြီး လုပ်လို့ရတယ်” ဟု ပြည်တွင်းအခွန် များဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး က ပြောကြားသည်။

လာမည့်ထီဖွင့်ပွဲတွင် ကျပ်သိန်း တစ်သောင်းဆု တစ်ဆု၊ ကျပ်သိန်း ငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်းသုံးထောင် သုံးဆု၊ ကျပ်သိန်းတစ်ထောင် ခြောက်ဆု နှင့် ကျပ်သိန်းငါးရာ ရှစ်ဆုအပြင် အခြား သောဆုများကိုလည်း ချီးမြှင့်မည်ဖြစ်သည်။

“လာမယ့်သင်္ကြန်ဆိုရင် ထီစောင်ရေတွေ လျှော့ထုတ်ဖို့ စဉ်းစားထားတယ်။ ဒါက အရင်တည်းက လုပ်ခဲ့တာပါ။ ပျော်ပွဲ ရွှင်ပွဲတွေရှိတဲ့အခါ ထီထိုးနှုန်းကျသွားတဲ့အတွက် အရန်ထီကိုလျှော့ထုတ်ဖို့ ဆောင်ရွက်တာပါ။ ဆုမဲကတော့ ရောင်းအားပေါ်ကြည့်ပြီး ပေးရမှာပါ”ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထီဆုတိုးခြင်း လျှော့ခြင်းထက် ထီဈေးနှုန်းများ တိုးရောင်းနေခြင်းကို အောင်ဘာလေသိန်းဆုဌာနခွဲက ထိရောက်စွာ ကိုင်တွယ်စေလိုကြောင်း၊ လက်ရှိတွင် ကျပ် ၅၀၀ တန်ထီကို ထီကိုယ်စားလှယ် ယူထားသူများ ကိုယ်တိုင်က ဈေးတင် ရောင်းချခြင်းကို မသိချင်ယောင်ဆောင်နေကြောင်း ကုမ္ပဏီဝန်ထမ်းဖြစ်သူ မမိုးမိုးက ပြောဆိုသည်။

J-13