News

POST TYPE

LOCAL

ရွှေစက်တော် ဂေါပကအဖွဲ့ကို ကော်မတီဖွဲ့စစ်ဆေး
မကွေး၊ မတ် ၁၈

မန်းရွှေစက်တော် ဘုရားပွဲဆိုင်ခန်းများ နေရာချထားရာတွင် အဂတိလိုက်စားမှုများရှိသည်ဟု တိုင်ကြားခံရသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ဂေါပကအဖွဲ့ဝင်များကို မကွေးတိုင်းလွှတ်တော်က လေ့လာစုံစမ်းရေး ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးခဲ့ကြောင်း အဆိုပါစစ်ဆေးရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါတိုင်ကြားမှုကို မကွေးတိုင်းဒေသကြီး လွှတ်တော်မှ ကိုယ်စားလှယ် ၅ ဦး ပါဝင်သည့် ရွှေစက်တော်ဘုရားပွဲတော် လေ့လာစုံစမ်းရေးကော်မတီက ဘုရားပွဲတော်ရှိ ဗိမာန်တော်တွင် ငဖဲမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ ဂေါပကအဖွဲ့ဝင်များနှင့် တိုင်ကြားခဲ့သည့်ဈေးသည်များကို ၄ ရက်ကြာ စစ်ဆေးခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။

ယခုနှစ်ကျင်းပနေသည့် မန်းရွှေစက်တော် ဘုရားပွဲ၌ ဆိုင်ခန်း ၇၂ ခန်းတိုးချဲ့ခဲ့ရာတွင် ဆိုင်ခန်းနေရာ ချထားပေးရေး အဖွဲ့ဝင်များက နီးစပ်သူများကိုသာချထားပေးပြီး ငွေကြေးတောင်းခံမှုများ ရှိခဲ့သဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း တိုင်ကြားမှုတွင်ပါဝင်ခဲ့သည့် ဈေးသည်တစ်ဦးက ဆိုသည်။

“ဆိုင်ခန်းနေရာချထားပေးတာတွေနဲ့ ပတ်သက်ပြီး ငွေကြေးတောင်းတဲ့ အသံဖိုင်ရှိတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက်ကတည်းက ဈေးရောင်းလာတဲ့ လူဟောင်းတွေကိုမပေးဘဲ လူသစ်တွေကို ချထားပေးတယ်။ ဘာကြောင့်မပေးလဲဆိုတော့ လူဟောင်းတွေကိုပေးရင် သူတို့အတွက် အကျိုးအမြတ်မရနိုင်ဘူး။ လူသစ်တွေကိုပေးမှ အကျိုးအမြတ်ရတာ။ ဒါကြောင့် တိုင်ကြားခဲ့တာပါ”ဟု မန်းရွှေစက်တော် အခြေခံဈေးသည်များသမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်တင်က ပြောဆိုသည်။

ရွှေစက်တော်တွင် နေရာအနေအထားလိုက်၍ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ် ၁၅ သိန်းမှ ၇၅ သိန်းအထိ ဈေးပေါက်ပြီး ဆိုင်ခန်းငှားရမ်းခများမှာလည်း တစ်ခန်းလျှင် ကျပ် ၅ သိန်းမှ ၁၇ သိန်းအထိ ဈေးပေါက်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။

“ရွှေစက်တော်မှာ ဆိုင်တန်း (၃) တန်း ရှိတယ်။ ကျွန်တော်တာဝန်ယူတာက အလယ်တန်းပါ။ ကျွန်တော် တာဝန်ယူတဲ့အတန်းမှာ လူဟောင်းတစ်ယောက်မှ အခန်းမရတာမရှိဘူး။ အခြားတာဝန်ရှိသူတွေ နေရာချထားပေးတာနဲ့ ပတ်သက်ပြီး ရောထွေးပြီးပြောတာပါ။ ကျွန်တော်ချထားပေးတဲ့ အတန်းမှာ ငွေရေးကြေးရေးရယူပြီး ချထားပေးခဲ့တာဆိုရင် အရေးယူဖို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို တင်ပြထားတယ်”ဟု တိုင်ကြားခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်က ပြောဆိုသည်။

အဆိုပါ တိုင်တန်းမှု လေ့လာတွေ့ရှိချက်များကို ဧပြီလ ၂ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံစာတင်ပြပြီး ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ရွှေစက်တော်ဘုရားပွဲတော် လေ့လာစုံစမ်းရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က ပြောကြားသည်။

လွင်အေး