News

POST TYPE

LOCAL

ပင်လယ်ပြင်တွင် ပြာကိုရေမျှော သြင်္ဂိုဟ်ခြင်းကို ရွေးချယ်သည့် ဂျာမန်အရေအတွက် တိုးပွား
12-Mar-2018
ဘာလင်၊ မတ် ၁၁

ယနေ့ကာလတွင် ပင်လယ်ပြင်၌ ပြာကိုရေမျှောသြင်္ဂိုဟ်ခြင်းကို သဘောကျသည့် ဂျာမန်များ ပိုများလာသည်ဟု ဂျာမနီ သုဘရာဇာအသင်းက ပြောကြားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သောနှစ်က ဘောလ်တစ်ပင်လယ်တွင် ပြာကိုရေမျှောကာ သြင်္ဂိုဟ်ပေးခဲ့ရသူ အရေအတွက်မှာ ၂၀,ဝ၀၀ ခန့် ရှိခဲ့သည်ဟု ဂျာမန် သုဘရာဇာအသင်း BDB က ဂျာမန် DPA သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ ပင်လယ်ရေပြင်တွင် ပြာမျှောကာ သြင်္ဂိုဟ်မှုမြင့်တက်လာသည့် အကြောင်းရင်းမှာ ဂျာမန်ပြည်သူများအကြား ရွှေ့ပြောင်းမှုများ တိုးမြင့်လာသောကြောင့် ဖြစ်သည်ဟု BDB က ပြောကြားထားသည်။

BDB ဒုတိယဥက္ကဋ္ဌ ဂေဘရီရယ်ဝေါဂတ်စ်က အရေအတွက်ကို အတိအကျပြောရန် ခက်ခဲသော်လည်း ခပ်မှန်မှန် တိုးပွားလာသည်ဟု ပြောကြားသွားသည်။

သေဆုံးပြီးနောက် အလောင်းကို မီးသြင်္ဂိုဟ်လိုသူများ၏ ၂ ဒသမ ၅ မှ ၁၈ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ပြာကို ပင်လယ်ရေတွင် ကြဲဖြန့်လိုကြသည်ဟု သိရှိရသည်။

သြင်္ဂိုဟ်သည့် နည်းလမ်းရွေးချယ်မှုသည် နေထိုင်သည့် ပထဝီဒေသအပေါ်တွင်လည်း မူတည်ပြီး ပင်လယ်နှင့်ဝေးသော ဘာဗေးရီးယားကဲ့သို့ ဒေသမှ နေထိုင်သူများသည် ပင်လယ်သမုဒ္ဒရာကို ၎င်းတို့ ခေါင်းချမည့်နေရာအဖြစ် ရွေးချယ်လိမ့်မည်မဟုတ်ဟု ဂေဘရီရယ်ဝေါဂတ်စ်က ဆိုသည်။

“တချို့ကလည်း သုသာန်တွေနဲ့ ဝေးဝေးရှောင်ချင်ကြတယ်။ ဒါကြောင့် မြေချသြင်္ဂိုဟ်ချင်သူတွေလည်း တိုးလာတယ်။ သုသာန်တွေက ထုံးတမ်းဓလေ့ အသစ်တွေကို လက်ခံဖို့ ခေါင်းမာကြတယ်လေ။ နောက်တစ်ချက်က ရေမျှောတာက မြေချသြင်္ဂိုဟ်တာထက် စရိတ်ပိုသက်သာတာကလည်း အကြောင်းရင်းတစ်ခုပေါ့”ဟု ဝေါဂတ်စ်က ပြောကြားသည်။

ဂျာမန်ဥပဒေအရ ရုပ်ကြွင်းပြာကို မြစ်ချောင်းအင်းအိုင် ရေကန်များတွင် မချရဘဲ ပယ်လယ်ရေတွင်သာ ကြဲဖြန့်ရသည်ဟု ဝေါဂတ်စ်က ရှင်းလင်းပြောကြားသည်။ 
 
F-04



  • VIA