News

POST TYPE

LOCAL

သင်္ကြန်ကာလ မြို့နယ် ၈ ခုကို အချိန်ပိုင်းအလှည့်ကျရေပေးမည်
09-Mar-2018

ရန်ကုန်၊ မတ် ၈

ယခုနှစ်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များကို ပြန်လည်ခွင့်ပြုမည်ဖြစ်သောကြောင့် မဏ္ဍပ်များရှိနိုင်သော မြို့နယ် ၈ ခုကို အချိန်ပိုင်းအလှည့်ကျ ရေပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကုက္ကိုင်းရေလှောင်ကန်မှ ပေးဝေနေသောရေကို ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ဗဟန်းနှင့် ကြည့်မြင်တိုင်မြို့နယ်များသို့ နေ့စဉ် ရေဖြန့်ဖြူးပေးနေပြီး စီးပွားဖြစ်မဏ္ဍပ်များကြောင့် ရေသုံးစွဲမှု မြင့်တက်လာနိုင်သည့်အတွက် အချိန်ပိုင်းအလိုက် အလှည့်ကျပေးဝေရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကုက္ကိုင်းကန်က ထိန်းပြီးတော့ ပေးရတာဖြစ်တဲ့အတွက် အချိန်ပိုင်းအလိုက် အလှည့်ကျပုံစံ လုပ်ရတာပါ။ သင်္ကြန်တွင်းဆိုလည်း ရေက အိမ်တွေမှာ အသုံးနည်းတယ်။ အပြင်နဲ့လမ်းတွေမှာပဲ အသုံးများကျတော့ ဒီစနစ်နဲ့ ဆောင်ရွက်ဖို့ စဉ်းစားရတယ်”ဟု ၎င်းက ဆိုသည်။

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းထောင့်ရှိ ကုက္ကိုင်းရေလှောင်ကန်မှရေပေးဝေသော မြို့နယ်များတွင် သင်္ကြန်မဏ္ဍပ်များရှိနိုင်သော ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းများနှင့် ဆက်စပ်နေသဖြင့် လတ်တလောစိစစ်လျက်ရှိကြောင်း၊ ယင်းမြို့နယ်များအတွက် ရေဖြန့်ဖြူးမည့်အခြေအနေကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

စီးပွားဖြစ် ကုမ္ပဏီမဏ္ဍပ်များကြောင့် ပြန်လည်စည်ကားလာမည့် ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ရေလေလွင့်မှုမဖြစ်ရန် ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် အပါအဝင် ရေကူးရေတွန်းစက်ရုံများ၊ ရေသန့်စင်စက်ရုံများ ရေပေးဝေရေးစခန်းများ၊ အဝီစိတွင်းများကို ကြိုတင်စစ်ဆေးလျက်ရှိပြီး ရေပြတ်တောက်မှုမရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ကုက္ကိုင်းရေလှောင်ကန်သည် ရေဂါလန် သန်း ၂၀ သိုလှောင်နိုင်ပြီး ၁၉၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ကမ္ဘာအေး ရေကူးရေတွန်းစက်ရုံမှ ပို့လွှတ်သော ဂျိုးဖြူပိုက်လိုင်းရေကို မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များသို့ ထပ်ဆင့်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်သို့ ရေလှောင်ကန်များနှင့် အဝီစိတွင်း ၄၄၉ တွင်းမှ ရေဂါလန် ၂၀၅ သန်း နေ့စဉ်ဖြန့်ဖြူးပေးလျက်ရှိသည်။

J-17