News

POST TYPE

LOCAL

လားရှိုးပုဂ္ဂလိကဆေးရုံအချို့မှ သက်တမ်းလွန်ဆေးဝါးများကို FDA သိမ်း
09-Mar-2018



လားရှိုး၊ မတ် ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံငါးခုကို စားသုံးသူရေးရာဦးစီးဌာနနှင့် FDA တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မတ်လ ၆ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ သက်တမ်းလွန်ဆေးဝါးများကို တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောကြားသည်။

ယင်းသို့စစ်ဆေးရာတွင် ကျန်းမာရေးအတွက် အာမခံချက်မရှိသည့် ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများအပါအဝင် မြန်မာနိုင်ငံအတွင်း တင်သွင်းခွင့်မှတ်ပုံတင် မရရှိထားသည့်ဆေးဝါး စသည်တို့ကို ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစစ်ဆေးမှုတွင် ပုဂ္ဂလိကဆေးရုံအချို့မှ သက်တမ်းလွန်ဆေးဝါးအချို့ကို သိမ်းဆည်းရမိခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများကို ဆေးရုံ၌မထားရန်နှင့် မရောင်းချရန် ဆေးရုံတာဝန်ရှိသူကို ဝန်ခံလက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း၊ အဆိုပါသိမ်းဆည်းရမိသည့် ဆေးဝါးများကို မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း ဦးဇော်မင်းသန်းက ရှင်းပြပြောဆိုသည်။

အဆိုပါ စစ်ဆေးတွေ့ရှိရသည့် သက်တမ်းလွန်ဆေးဝါးများအနေနှင့် လူနာအတွက် သုံးစွဲရန်မဟုတ်ဘဲ သက်ဆိုင်ရာကုမ္ပဏီအရောင်းကိုယ်စားလှယ်များနှင့် စာရင်းရှင်းချိန်တွင် ပစ္စည်းပြန်ပေးစာရင်းရှင်းရန်အတွက် သိမ်းဆည်းထားရှိသည်ဟု ဆေးရုံတာဝန်ရှိသူများ၏အဆိုအရ သိရကြောင်း ယင်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းကလည်း လားရှိုးမြို့ပေါ်တွင် တရားဝင်မှတ်ပုံတင်ဖွင့်လှစ်ရောင်းချနေသည့် ဆေးဆိုင်ပေါင်း ၆၀ ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်မရှိသော ဆေးဝါးများကို သိမ်းဆည်းခဲ့ကာ နောင်တွင် ရောင်းချခြင်းမပြုရန် ဝန်ခံလက်မှတ်ရေးထိုးစေခြင်းနှင့် အသိပညာပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း လားရှိုးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှူး ဦးမြတ်မင်းစိုးက ပြောကြားသည်။

R-07