POST TYPE

LOCAL

လာမထုတ်သည့် ထီဆုကြေးငွေ ကျပ် ၉ ဘီလီယံကျော်ရှိ
26-Feb-2018


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲတွင် ထီပေါက်သော်လည်း ဆုငွေ လာရောက်ထုတ်ယူခြင်း မရှိသည့် ထီဆုကြေးငွေမှာ နှစ်နှစ်အတွင်း ကျပ် ၉ ဘီလီယံကျော် (၉ ဒသမ ၆၂၄ ဘီလီယံ) ရှိနေကြောင်း ၂၀၁၇-၁၈ ပြည်ထောင်စုအစိုးရအဖွဲ့ ပထမ ၆ လပတ် အစီရင်ခံစာအရ သိရသည်။

ဝန်ကြီးဌာနအနေနှင့် ထီပေါက်သော်လည်း လာရောက်ထုတ်ယူခြင်း မရှိသည့် ထီဆုကြေးများအား သတ်မှတ်လ ကျော်လွန်ပါက နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့(ဖေဖော်ဝါရီ ၂၆) ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

အခွန်အကောက်ရငွေတွင် တိုးတက်လာမှု ရှိနေပြီး အောင်ဘာလေထီမှ ရငွေသည် တစ်စောင်လျှင်ကျပ် ၅၀၀ သို့ စတင်ပြောင်းလဲခဲ့သည့်အချိန်မှစ၍ အခွန်ရငွေ ပိုမိုတိုးမြှင့်လာခဲ့ကြောင်း၊ ဆုငွေ လာမထုတ်သဖြင့် နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သော ငွေများမှာ ၂၀၁၅ -၁၆ ခုနှစ်တွင် ကျပ်သန်း ၄၃၅၆၊၂၀၁၆ -၁၇ တွင် ကျပ်သန်း ၅၂၅၉ ၊၂၀၁၇-၁၈ တွင် (ဧပြီမှ စက်တင်ဘာအထိ) ကျပ်သန်း ၂၂၃၉ ဖြစ်ကြောင်း ယနေ့တင်ပြသော ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စု အခွန်အကောက်ရငွေသည် တိုးတက်ရရှိသော်လည်း အခွန်နှင့် GDP အချိုးသည် ၂၀၁၅ -၁၆ ခုနှစ်မှစ၍ ပြန်လည် ကျဆင်းလျက်ရှိကြောင်း၊ ၂၀၁၄ -၁၅ တွင် အခွန်နှင့် GDP အချိုးသည် ၉ ဒသမ ၈ ဖြစ်ပြီး၊၂၀၁၇-၁၈ တွင် ၈ ဒသမ ၃ သာရှိနေကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

အောင်ဘာလေ သိန်းဆုဌာနခွဲသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်နှစ်ရာတန် ထီစာအုပ်ပေါင်း ၃၇ ဒသမ ၂ သန်းကျော် ရောင်းချခဲ့ပြီး ကျပ် ၇၄ ဒသမ ၄၅၄ ဘီလီယံရရှိခဲ့ကြောင်း ယင်းမှ ၆၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၄၄ ဒသမ ၆၇၂ ဘီလီယံကို ဆုကြေးအဖြစ် ပြန်လည် ခွဲဝေပေးခဲ့ပြီး ကျန်သည့် ၄၀ ရာခိုင်နှုန်းသော ရောင်းရငွေကို အခွန်ရငွေအဖြစ် သတ်မှတ်ကာ ပြည်ထောင်စု ဘဏ္ဍာငွေစာရင်းသို့ ထည့်သွင်းခဲ့သည်။

ယင်းအပြင်၂၀၁၆-၂၀၁၇ဘဏ္ဍာ ရေးနှစ်တွင် ကျပ်နှစ်ရာတန် ထီစာအုပ်ပေါင်း ၃၆ ဒသမ ၂သန်းကျော်နှင့် ကျပ်ငါးရာတန်ထီ စာအုပ်ပေါင်း ၂ ဒသမ ၉ သန်းကို ရောင်းချခဲ့ပြီး ထီလက်မှတ် ရောင်းရငွေအဖြစ် ကျပ် ၈၇ ဒသမ ၂၇၆ ဘီလီယံ ရရှိခဲ့သည်။

အဆိုပါ ရောင်းရငွေထဲမှ ၆၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၅၂ ဒသမ ၃၆၆ သန်းကို ထီဆုကြေးငွေအဖြစ် ပြန်လည်ခွဲဝေပေးထားပြီး ကျန်သည့် ၄၀ ရာခိုင်နှုန်းသော ရောင်းရငွေများကိုမူ အခွန်ရငွေအဖြစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းသို့ ထည့်ဝင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ကြယ်ပွင့်မပြမေးခွန်းကို ပြန်ကြားခဲ့သည့် အချက်အလက်များအရ သိရသည်။

S-01