News

POST TYPE

LOCAL

ကျိုက်ထီးရိုးသို့ Cable Car စီမံကိန်းအသစ် ထပ်မံပြေးဆွဲရန် အဆိုပြု
22-Feb-2018
မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား တောင်ပေါ်သို့ Cable Car စီမံကိန်းအသစ်တစ်ခု ထပ်မံပြေးဆွဲရန် စီစဉ်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ Cable Car စီမံကိန်းအသစ်ကို Kyite Htee Yoe Great Green Company Ltd (KGG) ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ကျိုက်ထီးရိုးဘုရားသို့ တက်ရောက်နိုင်သည့် လမ်းကြောင်းအသစ်တစ်ခုဖြင့် ပြေးဆွဲရန် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြည်နယ်အစိုးရထံ အဆိုပြုတင်ပြထားကြောင်း ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးစောရွှေအောင်က ပြောသည်။

“အခုတည်ဆောက်မယ့် လမ်းကြောင်းသစ်က ကျိုက်ထီးရိုးလေးလမ်းခွဲကနေပြီး ကဒိုင်ဒွတ်- မိုးဘော- နတ်စင်- ကျောက်ဖျာ- ခေါင်းဆေးကန် လမ်းကြောင်းကနေ လုပ်သွားမယ်၊ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၆၂ သန်းထိရှိမယ်”ဟု ဦးစောရွှေအောင်က ပြောသည်။

ကျိုက်ထီးရိုးနယ်မြေ စိမ်းလန်းစိုပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရဟန်းသံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် သွားလာရေး ပိုမိုလွယ်ကူအဆင်ပြေစေရန် Cable Car စီမံကိန်းကို အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ကျိုက်ထီးရိုးဘုရားသို့ ပထမဆုံး Cable Car ပြေးဆွဲခဲ့ပြီးနောက် အခြားကုမ္ပဏီတစ်ခုက ထပ်မံယှဉ်ပြိုင်ပြေးဆွဲရန် စီစဉ်လာခြင်းဖြစ်သည်။

ကျိုက်ထီးရိုးသို့ Cable Car စီမံကိန်းအသစ် အကောင်အထည်ဖော်ရန် တင်ပြထားချက်နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရက သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှု စစ်တမ်း(EIA, SIA) ရေးဆွဲခိုင်းထားပြီး ပြန်လည်တင်ပြခိုင်းထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်က ပြောသည်။

အသစ်ပြေးဆွဲမည့် Cable Car သည် တစ်စီးလျှင် လူ ၁၀ ဦးအထိ စီးနင်းလိုက်ပါနိုင်ပြီး Cable Car အစီးရေ ၈၀ စီး ပြေးဆွဲသွားမည်ဟု စီမံကိန်းအစီရင်ခံစာတွင် ပါရှိသည်။

စီမံကိန်းတွင် Cable Car ပြေးဆွဲခြင်းအပြင် ပင်မထွက်ခွာရာ ထားရှိမည့်နေရာတွင် ကားပါကင်၊ အခမဲ့တည်းနိုင်သည့် တည်းခိုဆောင်များ၊ အဆင့်မြင့်သန့်စင်ခန်းများ ပြုလုပ်ရန်လည်းပါရှိသည်ဟု ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာက ပြောသည်။

ကျိုက်ထီးရိုးဘုရားသို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလခန့်မှစပြီး Sky Asia Co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် လူ ၄ ဦးမှ ၈ ဦးထိ စီးနင်းလိုက်ပါနိုင်သည့် Cable Car ၄၃ စီးတို့က ပြေးဆွဲလျက်ရှိနေသည်။

ကျိုက်ထီးရိုးသို့ လာရောက်ကြသည့် ဘုရားဖူးများသည် တောင်ပေါ်သို့ Cable Car ဖြင့် လည်းကောင်း၊ တောင်တက် မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ခြေလျင်ခရီးဖြင့် လည်းကောင်း အသီးသီးတက်ရောက်ကြသည်။ 

Dawei Watch


  • VIA