News

POST TYPE

LOCAL

ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ထိပ်တွင် ညအိပ်ခွင့်ပိတ်


ကလေး၊ ဖေဖော်ဝါရီ ၁၅

ချင်းပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်သည့် ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ထိပ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ညအိပ်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန (မင်းတပ်ခရိုင်ရုံး) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးဟုန်လိန်းက ပြောကြားသည်။

ယခုလအတွင်း ချင်းပြည်နယ်သို့ လာရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခရီးစဉ်အပြီးတွင် ဒုတိယသမ္မတက ယင်းသို့မှာကြားခဲ့ခြင်းဖြစ်ပြီး တောင်ထိပ်ပေါ်တွင် ညအိပ်ပါက မီးဖို၍ မီးလှုံခြင်းကြောင့် တောင်ထိပ်တွင် မီးဖိုထားသည့်နေရာများ နေရာအနှံ့ မြင်တွေ့နေရခြင်း၊ ညအိပ်သူများက စွန့်ပစ်သည့် အမှိုက်များပေါများလာခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးသည့် အခြေအနေကို ကာကွယ်နိုင်ရန်အတွက် ညအိပ်ခြင်းကို တားမြစ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အရင်တုန်းကလည်း ခွင့်ပြုထားတယ်ရယ်လို့တော့ မဟုတ်ဘူး။ သူတို့ဘာသာသူတို့ တက်အိပ်ကြတာ။ အခုကျတော့ အဲဒီလိုတက်မအိပ်အောင် ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးတော့မှ ကြီးကြပ်သွားမှာပါ”ဟု လက်ထောက်ညွန်ကြားရေးမှူး ဦးဟုန်လိန်းက ဆိုသည်။

ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ထိပ်သို့ ယခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် အများအပြားဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညတွင် တောင်ထိပ်ပေါ်တွင် ညအိပ်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် လူဦးရေ ၁၀၀ ခန့်ရှိကြောင်း၊ ယင်းသို့ အိပ်ကြရာတွင် အိမ်သာမရှိသည့်အတွက် တောင်ထိပ်တွင် ဖြစ်သလို စွန့်ပစ်ကြရသည့်အတွက် ပတ်ဝန်းကျင်ညစ်ညမ်းကြောင်း မင်းတပ်မြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများက ပြောကြားသည်။

“ချမ်းအေးတဲ့နေရာ ဒေသဖြစ်တဲ့အတွက်ကြောင့် အပူဓာတ်ရအောင် မီးလှုံဖို့လိုလာတယ်။ အဲဒီအခါကျတော့ ပထမတော့ အနီးအနားက ထင်းခြောက်တွေ ကိုင်းဖျားကိုင်းနားတွေဆွဲပြီး လှုံကြမှာပေါ့။ အဲဒီလိုမျိုး တစ်အုပ်စု၊ တစ်အုပ်စုကနေ များများလာရင် ကိုင်းဖျားကိုင်းနားတွေ မရှိတော့ဘူးဆိုရင် ထင်းခုတ်တာတွေဖြစ်လာပြီး သစ်တောသဘာဝ ပျက်စီးမယ်။ မီးဖိုပြီး လှုံခြင်းအားဖြင့် မြင့်တဲ့ တောင်ကုန်းဖြစ်တဲ့အတွက်ကြောင့် လေထန်တဲ့အခါ မီးပွားတွေလွင့်ပြီး တောမီးလောင်တာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီအစီအစဉ်ကို သဘောတူတယ်”ဟု မင်းတပ်မြို့ ချိုလူမျိုးစုအသင်း လူငယ်ကဏ္ဍ ဥက္ကဋ္ဌ ဆလိုင်းကီးရှိန်းက ပြောဆိုသည်။

ခေါ်နူးစုမ် (ခေါ်) ဝိတိုရိယတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းတစ်သောင်းကျော်တွင် တည်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ မြေသားတောင်များအနက် အမြင့်ဆုံးတောင်တစ်ခုဖြစ်ကာ ချယ်ရီပန်းများပွင့်ခြင်း၊ တောင်ဇလပ်ပန်းများပွင့်ခြင်းတို့ကြောင့် စိတ်ဝင်တစား လာရောက်လည်ပတ်သူများသည့် နေရာတစ်ခုလည်း ဖြစ်သည်။

R-20