News

POST TYPE

LOCAL

စတစ်ကာတပ်ဆင်သည့် အငှားယာဉ်များ ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ဆေးမည်
31-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော စတစ်ကာ၊ လိုက်ကာနှင့် ကြော်ငြာများ တပ်ဆင်သည့် အငှားယာဉ်များကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ဆေးကာ လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်ဖြစ်ပြီး မြို့နယ်အလိုက် ရဲတပ်ဖွဲ့နှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က စောင့်ကြည့်အရေးယူရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ အငှားယာဉ်များနှင့် ဆက်စပ်၍ မှုခင်းဖြစ်ပွားနှုန်း မြင့်တက်နေသည်ဟုယူဆကာ အဆိုပါယာဉ်များကို စစ်ဆေးအရေးယူရန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တို့ ဇန်နဝါရီ ၂၆ ရက်က ညှိနှိုင်းဆုံးဖြတ်ခဲ့ပြီးနောက် တိုင်းအဆင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ရာဇဝတ်ကျူးလွန်တဲ့နေရာမှာ ယာဉ်ကို အမှောင်ဖုံးစေတယ်လို့ယူဆတဲ့ ကပ်ခွာအမျိုးမျိုးကို မကပ်ဖို့ ကန့်သတ်လိုက်တာပါ။ တက္ကစီယာဉ်တွေဘက်က မလိုက်နာရင် သတိပေးထားတဲ့ ပြစ်ဒဏ်နဲ့အညီ အရေးယူမယ်။ တိုင်းအဆင့်က အကျုံးဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ YRTA အောက်က အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ပါမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းတွင် စီးတီးတက္ကစီ အပါအဝင် နယ်လိုင်စင်များဖြင့် မှတ်ပုံတင်ပြေးဆွဲနေသည့် အငှားယာဉ် ၇ သောင်းခန့်ရှိပြီး ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ နှစ်ဆန်းကာလအတွင်း အငှားယာဉ်နှင့် ဆက်စပ်ဖြစ်ပွားခဲ့သော အမှုအခင်းပေါင်း ၇၀ ကျော်ရှိခဲ့ပြီး ယာဉ်မောင်းနှင့်ခရီးသည်ကြား အပြန်အလှန် ရန်ပြုမှုတို့ကို တင်းကျပ်စစ်ဆေးနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ညပိုင်းဆွဲယာဉ်တွေမှာ လုယက်တဲ့ကိစ္စ အများဆုံးဖြစ်လာတယ်။ ဒီလိုမျိုးမဖြစ်လာဖို့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ထိန်းချုပ်ကွပ်ကဲမယ်။ အဓိက အငှားယာဉ်ရပ်နားတဲ့ လေဆိပ်၊ အဝေးပြေးနဲ့ လူစည်ကားတဲ့ နယ်မြေဒေသတွေပါမယ်”ဟု မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့သို့ လာရောက်သူများအတွက် လုံခြုံမှုပိုမိုရှိလာမည်ဖြစ်ပြီး ရန်ကုန်မြို့အတွင်းနှင့် ဆက်စပ်လမ်းများ၊ ရာဇဝတ်ထူပြောသည့် ဆင်ခြေဖုံးမြို့နယ်များရှိ လမ်းကြောင်းများ၌ ရပ်ကင်း၊ လှည့်ကင်းအသီးသီး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျှင် မှုခင်းကြိုတင်တားဆီးရေးအတွက် ပိုမိုထိရောက်စေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

“စီးတီးတက္ကစီတွေမှာ GPS စနစ် တပ်ဆင်စောင့်ကြည့်ပေးရင် ပိုကောင်းလာမယ်။ မှန်ကပ်စတစ်ကာတွေ အဟန့်အတားဖြစ်တာမှန်ပေမယ့် တကယ့်ကြီးကြပ်စစ်ဆေးပေးဖို့ အရေးကြီးတယ်။ မိုးလွန်မှ ထွန်ချပုံစံဆို လုံခြုံမှုက ပပျောက်ဦးမှာမဟုတ်ဘူး”ဟု အလုံမြို့နယ်နေ ဦးမျိုးဇော်က မှတ်ချက်ပြုပြောဆိုသည်။

ယခုနှစ်ဆန်းက အသက် ၂၅ နှစ်ရှိ FDA ဝန်ထမ်းအမျိုးသမီးတစ်ဦးကို တက္ကစီယာဉ်မောင်း အမျိုးသားက အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံရမှု ပေါ်ပေါက်ပြီးနောက်ပိုင်း မှုခင်းကြိုတင်တားဆီးရေးအတွက် ပစ်မှတ်ထားစစ်ဆေးရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

J-17